ဝါရှင်တန်၊ ဇွန် ၁၄

ကိုယ်ဝန်ဖျက်ချဆေး အသုံးပြုခွင့်ကို တားမြစ်ပေးရေးအတွက် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ ဆရာဝန်တွေရဲ့ ကြိုးပမ်းမှုကို အမေရိကန်နိုင်ငံရဲ့ တရားရုံးချုပ်က ပယ်ချလိုက်တာကြောင့် သမ္မတဘိုင်ဒန် အစိုးရအတွက် အောင်ပွဲရရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်အပေါ် အသိအမှတ်ပြုမှုကို အဆုံးသတ်လိုက်ပြီး နှစ်နှစ်အကြာမှာ ထွက်ပေါ်လာတဲ့ အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၉ မဲ ၊ ကန့်ကွက်မဲမရှိနဲ့ ရွေးချယ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Mifepristone လို့ ခေါ်တဲ့ ကိုယ်ဝန်ဖျက်ချဆေးကို အစားအစာနဲ့ ဆေးဝါး စီမံခန့်ခွဲရေးဌာန FDA က ၂၀၀၀ ပြည့်နှစ်မှာ အသုံးပြုခွင့် ပေးခဲ့ပြီး အမေရိကန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်အတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း ကိုယ်ဝန်ဖျက်ချခွင့်ပြုထားတာကို တရားရုံးချုပ်က ၂၀၂၂ ခုနှစ်အတွင်း ရုပ်သိမ်းခဲ့တာကြောင့် ပြည်နယ် ၁၄ ခုမှာ ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ခဲ့ရပါတယ်။

ကိုယ်ဝန်ဖျက်ချမှု တားမြစ်ရေး တောင်းဆိုမှုရဲ့ နောက်ကွယ်မှာ ရီပက်ဘလေကန်ပါတီဝင်တွေ ပါဝင်နေတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားထားပြီး ဇွန် ၁၃ ရက် တရားရေးရဲ့ ဆုံးဖြတ်ချက်ကြောင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ လွတ်လပ်ခွင့်တိုက်ပွဲ အဆုံးသတ်သွားဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်သူတွေက FDA ကိုလည်း ပြဿနာရှာခဲ့ကြပြီး ကိုယ်ဝန် ၇ ပတ်အထိ ဖျက်ချနိုင်တယ်လို့ ဆိုထားပေမယ့် ၁၀ ပတ်ရှိတဲ့ ကိုယ်ဝန်ကို ဖျက်ချခွင့်ပေးတဲ့အတွက် ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

သမ္မတ ဘိုင်ဒန်က ကိုယ်ဝန်ဖျက်ချခွင့် ကာကွယ်ရေး ဖက်ဒရယ်ဥပဒေ တစ်ရပ် ထုတ်ပြန်နိုင်ရေး လွှတ်တော်ကို တွန်းအားပေးသွားမယ်လို့ ပြောပါတယ်။

တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချဆေး အသုံးပြုမှုကို မတားမြစ်ပါဘူးလို့ ဆုံးဖြတ်တာက ကိုယ်ဝန်ဖျက်ချခွင့်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခွင့်ပြုတယ်လို့ ဆိုလိုသေးတာ မဟုတ်တဲ့အတွက် မိမိတို့ ဆက်လက်တိုက်ပွဲဝင်ရဦးမယ်လို့ ကိုယ်ဝန်ဖျက်ချမှုတားမြစ်ရေး မလိုလားသူတွေက ပြောကြားခဲ့ကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.