ရေဖြူ၊ ဇွန် ၁၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးရွာသစ်၊ ရာဖူးရွာဟောင်းနဲ့သာယာမွန်ကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တပ်အင်အား ၄၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကစပြီး ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော် လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် အဲဒီကျေးရွာသုံးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ရွာလုံး ကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်း ဝင်ရောက်နေထိုင်ပြီး ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာ၊ ရွာအတွင်းပြန်လာတဲ့ ဒေသခံပြည်သူတွေကိုလည်း သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရာဖူးရွာသစ်ကျေးရွာက နေအိမ်တွေ အများဆုံး ဖောက်ထွင်းခံထားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေတာကြောင့် အရေအ တွက် အတိအကျမသိရသေးပါဘူး။

ရေဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာဖူးရွာသစ်ကျေးရွာက လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး ထိမှန်သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ရေဖြူတိုက်ပွဲဟာ ဇွန် ၇ ရက်နေ့ကနေ ဇွန် ၁၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း သေဆုံးထားတယ်လို့ ဒေါနစစ် ကြောင်းရဲ့ သတင်းထုတ် ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.