မော်လမြိုင် ၊ ဇွန် ၁၄

နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင် စီတပ်ဟာ မွန်ပြည်နယ်မှာ နယ်မြေဆုံးရှုံးမှုမရှိရေးအတွက် စစ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ တာဝန်ရှိတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံ၊ကျိုက်ထို၊ဘီးလင်း၊ကျိုက်မရောနဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရေးမြို့ နယ်တို့မှာ လက်နက်ကိုင်တော် လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းတဲ့ဒေသတွေပါ။

အဲဒီထဲက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်အတွင်း စစ်ကောင်စီဘက်က ခံစစ်ပုံစံပြင်ဆင်လာနေသလို လက်နက်နဲ့ ရိက္ခာသယ်ယူတာတွေလည်း ပုံစံအမျိုးမျိုး လုပ်လာတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ သထုံခရိုင်ဘက် စစ်ကောင်စီကတော့ သူတို့ပြင်ဆင်မှုတွေ လုပ်တာတွေရှိတယ်။ ခံ စစ်ပုံစံတွေလုပ်တယ်။ ပြီးတော့ဘန်ကာတွေကို အခိုင်အမာတည်ဆောက်တာတွေ ရှိတယ်။ ပြီးတော့ လက်နက်ရိက္ခာ သယ်တာတွေက ပုံစံအမျိုးမျိုးပေါ့။ အရပ်သားကားနဲ့ သယ်တာတွေ ရှိတယ်။ ကုန်တင်ကားနဲ့ သယ်တာလည်းရှိတယ်။ အဲဒါမျိုးတွေ သူတို့လုပ်နေကြတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကို ထောက်လှမ်းတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး စခန်းတည်နေရာအတိအကျ သိရင်တော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တယ်လို့ သူကဆက်ပြောပါတယ်။

သထုံခရိုင်အပါအဝင် မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စစ်ရေးလှုပ်ရှား မှုအားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်တန့်ထားခဲ့တာပါ။

ဒါပေမယ့် အခုချိန်မှာ စစ်ကောင်စီဟာ တိုင်းရင်းသားဒေသအများစုမှာ ကင်းစခန်းကနေ တပ်ရင်းဌာနချုပ်အထိ တပ်စခန်းရာနဲ့ချီ အလုံးစုံလက်လွှတ်ထားရသလို မြို့ပေါင်း ၆၀ ဆုံးရှုံးခဲ့ပြီးဖြစ်တဲ့အတွက် စိုးမိုးနယ်မြေထိန်းချုပ်ထားနိုင်တဲ့ မွန်ပြည်နယ်မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ လောဆယ် မိမိတို့ဘက်မှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အထွေအထူးမတွေ့ရပေမယ့် အခြားစစ်ရေးလှုပ်ရှားမှုနယ်မြေတွေမှာတော့ ရိက္ခာသယ်ယူတာတွေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိခင်ပါတီကနေ ခွဲထွက်ထားတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ မွန်ပြည်သစ်ပါတီ AD ဟာ က ရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသအပါအဝင် မွန်ပြည်နယ်က ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြောက်ပိုင်းဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ရေးမြို့ နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ အရင်ကမသုံးဖူးတဲ့ လက်နက်ကြီးအမြောက်တွေ တပ်ဆင်ထားသလို တပ်ဖွဲ့ဝင်တွေလည်း နယ်မြေထိန်းချုပ်ရေးအတွက် စတင်လှုပ်ရှားလာတယ်လို့ ပြောပါတယ်။

“ရေးမြို့နယ်ဘက်မှာ အရင်ကတစ်ခါမှ မသုံးခဲ့ဖူးတဲ့ ဗျူဟာမြောက် ဟောင်ဝှစ်ဇာအမြောက်ကြီးတွေ ၁၂၀ အမြောက်တွေ (စစ်ကောင်စီတပ်စခန်းတွေမှာ) တပ်ဆင်ထားတာ တွေ့ရတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက နယ်မြေရှင်းလင်းရေးနဲ့ နယ်မြေထိန်းချုပ်ရေးဆောင်ရွက်မှုတွေကို မလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေက အခုလိုရင် စတင်လှုပ်ရှားတာတွေ တွေ့ရတယ်။တပ်အပြင်ထွက်ပြီး ကင်းပုန်းတွေ ဝပ်လာတာ တွေ့ရတယ်။ ဒါသူတို့ရဲ့ ပြင်ဆင်မှုတွေပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ဘက်မှာ မြောက်ပိုင်းကနေ စစ်ပန်းလာတဲ့ တပ်သားတွေအပါအဝင် စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းဆင်းလာတဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို ရေးနဲ့ရေဖြူဘက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေမှာ အင်အားအလုံးအရင်းထပ်ဖြည့်ထားတယ်လို့ နိုင်နဂါးက ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက် အလက်တွေအရ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ အတွက် မွန်ပြည်နယ်က လူငယ် ၃၅၀ ကျော် တပ်သားအဖြစ် စုဆောင်းခံထားရပါတယ်။

တစ်ဘက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ ထိန်းချုပ်ထားတဲ့ ရေး-ထားဝယ်လမ်းပိုင်းကို ဇွန် ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အရပ်သားအသွင်ယူကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတာပါ။

ဒါကြောင့် ရေး-ထားဝယ်လမ်းပိုင်းမှာ ဖြန့်ကျက်ထားတဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ဖို့ စီစဉ်ပြီးဖြစ်တဲ့အတွက် အဲဒီလမ်းပိုင်းကို အသုံးမပြုဖို့ သတိပေးထားပါတယ်။

နိုင်နဂါးကတော့ “ရန်သူတွေက လွန်ခဲ့တဲ့နှစ် အောက်တိုဘာကတည်းက နယ်မြေထိန်းချုပ်ရှင်းလင်းရေးတွေ မလုပ်နိုင်တဲ့တာ အခုဆိုမြောက်ပိုင်းမှာ နည်းနည်းအေးချမ်းသွားတဲ့အပေါ် အခုလို ကျွန် တော်တို့ဘက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲ Soft Target အဖြစ် သူတို့အနေနဲ့ အဲဒီလိုယူဆပြီး စတင်ထိုးစစ်ဆင်တာတွေ ရှိလာနေပါပြီ။ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။ နောက်လည်း အများကြီးဖြစ်ဖို့ ရှိလာနိုင်တယ်ခင်ဗျ”လို့ သုံးသပ်ပါတယ်။

လက်ရှိအချိန်ထိမွန်ပြည်နယ်မှာ အခြားတိုင်းရင်းသားဒေသတွေလိုမျိုး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ မဆင်နွှဲနိုင်သေးပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နယ်မြေရဲစခန်းတချို့နဲ့ စစ် ဆေးရေးဂိတ်တွေ ကင်းစခန်းတွေနဲ့ ယာဉ်တန်းတွေကိုတော့ မကြာခဏ ဝင်ရောက်တိုက်ခိုက်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.