မော်လမြိုင်၊ ဇွန် ၁၃

နိုင်ငံတဝန်းလုံးမှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရုပ်သိမ်းထားတဲ့ ရဲဘက်စခန်းတွေကိုပြန်လည်စတင်ဖို့ စစ်ကောင်စီ စီစဉ်နေတယ်လို့ ထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက​ သံလွင်တိုင်းမ်ကိုပြောပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ အဲဒီရဲဘက်စခန်းတချို့ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာခဲ့တဲ့ လုံခြုံရေးအခြေအနေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရုပ်သိမ်းထားရာကနေ အခုအချိန်မှာတော့ ပြန်လည်စတင်တော့မှာလည်းဖြစ်ပါတယ်။

“အရင်က လုံခြုံရေးကြောင့်ရော တိုက်ပွဲတွေဖြစ်နေတာကြောင့်ရောရဲဘက်စခန်းတွေကိုပြန်ခေါ်ထားတာ။ ရုပ်သိမ်းထားတာပေါ့။ အဲဒီကနေ အခုတော့ ပြန်ပြီး နှစ်ကြီးသမားတွေကိုပို့တော့မယ်ကြားတယ်။”လို့ ထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲဒီရဲဘက်စခန်းတွေဟာ လွတ်ခါနီးအကျဉ်းသားတွေကိုအဓိကပို့ထားတဲ့နေရာ ဖြစ်ပြီး​တော့ နိုင်ငံရေးကြောင့် အကျဉ်းကျနေသူတွေ၊ ခိုးမှုနဲ့ အကျဉ်းကျနေသူတွေကိုတော့ ပို့လေ့မရှိပါဘူး။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဲဘက်စခန်း ၄၈ ခုရှိပြီးတော့ နောင်ချိုမြို့နယ်က ရဲဘက်စခန်း(၄ )ခုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ကာကွယ်ရေးအဖွဲ့ထံလက်နက်ချအညံ့ခံထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ရဲဘက်စခန်းနှစ်ခုနဲ့ တမူးမြို့နယ်က ရဲဘက်စခန်းတစ်ခုတို့ကိုလည်း ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BNI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.