ဘန်ကောက်၊ ဇွန် ၁၃

ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ခံရတဲ့ အခြေအနေအထိ ဦးတည်သွားစေနိုင်တဲ့ အမှုတစ်ခု အပါအဝင် နိုင်ငံရေးအရ စွဲချက်တင်ထားတဲ့ အမှုသုံးမှုကို တရားရုံးတွေက လာမယ့်သီတင်းပတ်အတွင်း ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းမှာ အစိုးရအဖွဲ့ မတည်ငြိမ်ဖြစ်နိုင်ခြပိုများလာနေပါတယ်။

ဇွန် ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်မှာ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်အပေါ် စွဲဆိုထားတဲ့အမှုကို ဇွန် ၁၈ ရက်မှာ ကြားနာမယ်လို့ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ဆရီသာဟာ ဝန်ကြီးတစ်ဦး ခန့်အပ်မှုဟာ အခြေခံဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ခန့်ထားတဲ့ လွှတ်တော်အမတ် ၄၀ က စွပ်စွဲပြီး ပြီးခဲ့တဲ့မေလမှာ တိုင်ကြားခဲ့ရာကနေ အခုလိုစွဲချက်တွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အတိုက်အခံ Move Forward ပါတီ ဖျက်သိမ်းရေး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြိုးပမ်းမှုကိုလည်း ဇွန် ၁၈ ရက်မှာပဲ ကြားနာစစ်ဆေးသွားမယ်လို့ တရားရုံးက ပြောပါတယ်။

Move Forward ပါတီဟာ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲမှာ အမှတ်မထင် အောင်ပွဲရခဲ့ပေမယ့် ရှေးရိုးစွဲ ဘုရင့်နန်းတော် သစ္စာခံ အင်အားစုရဲ့ တားဆီးမှုကြောင့် အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။

အဲဒီ အမှုနှစ်ခုစလုံး အတွက် အမိန့်ချမယ့်ရက်ကို တရားရုံးက မသတ်မှတ်ရသေးပါဘူး။

ဒီအတောအတွင်း ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးမှ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပြည်တော်ပြန်ဝင်လာသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ အမှုကိုလည်း အဲဒီနေ့မှာပဲတရားဝင် ကြားနာ စစ်ဆေးမှာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိဝန်ကြီးချုပ် ဆရီသာ၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ Move Forward ပါတီတို့က သူတို့အနေနဲ့ အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ထားလို့ ငြင်းဆိုထားကြပါတယ်။

အဲဒီအမှုတွေကြောင့် အရှေတောင်အာရှရဲ့ ဒုတိယအကြီးမားဆုံး စီးပွားရေးအင်အားကြီးနိုင်ငံမှာ နိုင်ငံရေး မသေချာ မရေမရာ ဖြစ်နိုင်ခြေ ပိုများလာပြီး ဈေးကွက်တွေ ထိခိုက်လာနိုင်ပါတယ်။
တရားရုံးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်မပြုလိုဘူးလို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်းရဲ့ နိုင်ငံရေးဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ သြဇာ ကြီးမားတဲ့ ရှေးရိုးစွဲတွေ၊ ဘုရင့် နန်းတော်သစ္စာခံအင်အားစုတွေနဲ့ ကနဦးမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ သူ့ရဲ့ နိုင်ငံရေး ပါတီတွေကို ဗဟိုပြုခဲ့တဲ့ သူတို့ရဲ့ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်နေခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဘုရင့်နန်းတော် သစ္စာခံတွေရဲ့ ပြိုင်ဖက်တွေထဲမှာ Move Forward ပါတီလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဆရီသာဟာ အမှုရင်ဆိုင်ရမှာ ဖြစ်ပေမယ့် သူ့ရဲ့ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဒုဝန်ကြီးချုပ်က ဇွန် ၁၁ ရက်မှာ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.