တနင်္သာရီ၊ ဇွန် ၁၃

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ ဇွန် ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ Mi 2 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ တကူကျေးရွာထဲကို ဗုံးသီးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ကလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ တကူကျေးရွာကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိရှိကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီတပ်နဲ့တော်လှန်ရေး အင်အားစုပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာသလို စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာပါ။

ပြီးခဲ့တဲ့ မေလကလည်း သရက်ချောင်းမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.