ဆီတစ်ဘူး ၃၅၀၀ တန်နဲ့ ၂၅၀၀ တန်တွေက အခုက ၅၅၀၀ ၆၅၀၀ ပေးပြီးတော့ ဝယ်စားနေရတယ်။ ဆန်တွေဆိုရင်လည်း ဒီလိုမျိုးပဲလေ။ ပြောလို့လည်းမကောင်းဘူး။ ဘယ်အချိန်မှ ပြီးမှာလဲ မသိဘူး။ စိတ်ညစ်လာပြီ

– နွေဦးမေတ္တာအဖွဲ့မှ တာဝန်ရှိသူတစ်ဦး။

မြန်မာပြည်ရဲ့ တောင်ဘက်အစွန်း တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ စစ်ဘေးရှောင်အရေအတွက်ဟာ ၆ သောင်းနီးပါးရှိခဲ့တယ်လို့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားပါတယ်။

ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရက်ရှည်တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ အဲဒီပြည်သူတွေဟာ နေရပ်စွန့်ခွာခဲ့ကြရတာဖြစ်ပါတယ်။

အခုလိုမိုးတွင်းကာလရောက်လာတဲ့အချိန်မှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေခဲ့ရတဲ့ စစ်ဘေးရှောင်တွေဟာ ဘယ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။

ကျန်းမာရေးပြဿနာနဲ့ ဆေးဝါးလိုအပ်ချက် ပြဿနာတွေကိုရော ဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြပါသလဲ။ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ကြောင့် စားနပ်ရိက္ခာရှားပါးမှုအခြေအနေကိုရော ဘယ်လိုကျော်လွှားနေကြပါသလဲ။

စစ်ဘေးရှောင်တွေရဲ့ သားသမီး ကလေးသူငယ်တွေအတွက် ပညာသင်ကြားနိုင်မှုအခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ ဒီအခြေအနေတွေအားလုံး သိရနိုင်ဖို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကို သံလွင်တိုင်းမ်က အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အရင်ဦးဆုံးအနေဖြင့် မိုးတွင်းကာလလည်း ရောက်လာပြီဆိုတော့ စစ်ဘေးရှောင်တွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ – မိုးတွင်းကာလရောက်လာပြီဆိုတော့ ခြင်ထောင်တွေလိုတယ်။ စစ်ဘေးရှောင်တွေမှာကျတော့ အခုက ခြင်ထောင်တွေလည်း ဈေးတအားကြီးတယ်လေ။ ပြီးတော့ အစ်မတို့ စစ်ဘေးရှောင်တွေကျတော့ ဒီအတိုင်းကြီး ခြင်ထောင်တွေပေးဝေတဲ့ အနေအထားမျိုး အစ်မတို့ မလုပ်နိုင်သေးဘူး။

အဲဒါတွေ အဓိကကတော့ မိုးရာသီမှာကျတော့ ခြင်ကနေပြီးတော့ ဘာတွေဖြစ်လာလည်းဆိုတော့ သွေးလွန်တုပ်ကွေးတို့ ငှက်ဖျားတို့ ဖြစ်လာတယ်ဆိုတော့ အစ်မတို့က အရင် ဒါတွေမဖြစ်တဲ့နည်းကို လေ့လာတဲ့အခါမှာ အဓိကအလိုအပ်ဆုံးကတော့ ခြင်ထောင်သွားဖြစ်နေတယ်ပေါ့။

မေး – မိုးတွင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေအတွက် ဆေးဝါးလိုအပ်ချက် အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – ဆေးဝါးကတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် အစ်မတို့မှာ တစ်မိုးစာတွေ ဆေးစုထားတဲ့ အနေအထားမျိုးက အဲဒါ ဘာမှမလုပ်နိုင်တဲ့ အနေအထားဖြစ်နေတယ်။ ဘာဖြစ်လဲဆိုတော့ ဆေးက အစ်မတို့ အရင်စုထားတဲ့ စစ်ဘေးရှောင်တွေအတွက် အရင်ဝယ်ထားတဲ့ ဆေးတွေဟာဆိုရင် ဓာတ်ဆားပဲရှိတယ်။ အခုက အဲဒီဆေးတွေက သုံးဆ လေးဆ လောက် ထက်ပြီးတော့ မြင့်တက်လာတဲ့ အနေအထား ရှိနေတယ်ပေါ့ကွယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြီးတော့ စစ်ကောင်စီကျတော့လည်း အခုထိ ဆေးတွေကို တရားဝင် ဒီလိုမျိုးကြီး သယ်တာတို့ ဘာတို့လည်း သူတို့ ခွင့်မပြုထားဘူးဆိုတော့ ရှိနေတဲ့ ဆေးဆိုင်တွေကလည်း သူတို့နောက်တစ်ခေါက် ဆေးတွေ ပြတ်လာတဲ့အချိန်မှာ တအားကြီး ဈေးတွေ မြင့်တက်နေတာဆိုတော့ သူတို့က အဲဒီဆေးကို ရလား မရလား ဆိုတော့ မြင့်(ဈေးနှုန်း)ပြီးမှ ရနေတာဆိုတော့ အစ်မတို့မှာလည်း အဲဒီအမြင့်ကြီးတွေတက်လာဝယ်ပြီးမှ စုဆောင်းနေတယ်ပေါ့။

အရင်ကဆို ၁၀ ဖိုးနဲ့ရတယ်။ ၃၀ ဖိုးလောက်ဆို စစ်ဘေးရှောင်တွေအတွက် လုံလုံလောက်လောက်ရတဲ့ အနေအထားမှာရှိတယ်။ အခုကကျတော့ ၃၀ နဲ့တောင် မလုံလောက်တော့ဘူး။ ဆေးတွေက အဆမတန် မြင့်တက်လာတယ်ဆိုတော့လေ။

ပြီးတော့ ကိုယ်လိုချင်တဲ့ဆေးတွေလည်း တစ်ခါတည်းမရ။ အဲဒါဆေးကို တအားကြီး အရေးပေါ်လိုအပ်တဲ့ အနေအထားကျရင် ဆေးဈေးမြင့်လည်း အမြင့်အနေအထားနဲ့ ဝယ်မယ်ဆိုတောင်မှ လိုချင်တဲ့ အတိုင်းအတာ ပမာဏထိ မရနိုင်တဲ့ အနေအထားဖြစ်နေတယ်။ ဆေးတွေလည်း မရှိတော့ လိုသလောက်လဲမရ ဆေးလည်းမရှိ အဲဒီလိုမျိုးအနေအထား။

စစ်ဘေးရှောင်တွေအတွက် ဆေးမရှိဘူးလားဆိုရင် ရှိတယ် မလုံလောက် နည်းနည်းပါးပါးပဲရှိတယ်။ အနည်းအကျဉ်းဘဲရှိတယ်။ စစ်ကောင်စီကလည်း လမ်းမဖွင့်ပေးဘဲ လမ်းပိတ်ထားတယ်။ ပြီးတော့ ရှိနေတဲ့ ဆေးဆိုင်တွေကလည်း ဆေးတွေက လိုသလောက်လည်းမရ ဈေးလည်းဈေးကြီးတယ်။ မှာလည်းမရ သူတို့ အနေအထားတွေလည်း အဲဒီလိုမျိုးဖြစ်နေတယ်။

မေး – အဲဒီရောဂါတွေကို ကုသဖို့အတွက် ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ – အစ်မကျတော့လေ ကုသဖို့ထက် ခုနတုန်းက ပြောတဲ့ပုံစံမျိုးပေါ့ အခုတအားတွေ အဖြစ်များတဲ့ အနေအထားမှာ ဒီလိုမျိုးကာကွယ်တဲ့ဟာကို အစ်မ ပိုပြီးတော့ သဘောကျတယ်။ အနည်းအကျဉ်းက ဖြစ်ကြမှာပဲ။

မဖြစ်အောင်တော့ အစ်မတို့က အရင်ပထမဦးဆုံး ကာကွယ်ရမယ်ပေါ့။ ကုသတဲ့အပိုင်းမှာတော့ ဆေးတွေ ခုနကလိုမျိုးဘဲ အဆမတန် ဈေးမြင့်နေတာမျိုးတို့ လိုအပ်တဲ့ဆေးတွေ အလုံအလောက် မရှိတာတို့ တချို့မိသားစုတွေကျတော့ ရှိတယ်လေ၊၊

နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ အစ်မတို့ ဒါတနင်္သာရီဘက်မှာ လာပြီးမှ စစ်ဘေးရှောင်နေရတဲ့ မိသားစုတွေအနေနဲ့ကျတော့လည်း ဒီလိုမျိုးစစ်ကောင်စီရှိတဲ့ နေရာကို ဖြတ်ပြီးမှ သွားမရတဲ့ အနေအထားမှာ လူတွေဆို တအားပင်ပန်းတယ်ကွယ်။

အဲဒါဆိုရင်လည်း အစ်မတို့မှာ လိုချင်တဲ့ ဆေးတွေအလုံအလောက်မရှိတာရယ် ဆေးတွေအဆမတန် ဈေးများတာရယ် ဆေးဝါးလုံလောက်မှုမရှိတာရယ်ပေါ့။

မေး – ပြီးရင် မိုးတွင်းကာလလည်း ဖြစ်တယ်ဆိုတော့ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အမိုးအကာနဲ့ စားနပ်ရိက္ခာ လုံလောက်မှု အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ – အမိုးအကာတွေကျတော့လေ အစ်မတို့မှာ စစ်ဘေးရှောင်တွေဆိုပြီးမှ သက်သက်စုထားတဲ့ အမိုးအကာတွေရှိတယ်ပေါ့။ အဲဒါကျတော့လေ အခုစစ်ဘေးရှောင်အိမ်မှာ မိုးတွေယိုနေတယ် တာလပတ် (အမိုးအကာ) ပြဲလို့ဘာလို့ ဆိုတော့ အစ်မတို့မှာ သွားပြီးခါကျဆို အဲဒါမှ တခါတည်း အဆင်ပြေအောင် ပြန်ပြီးတော့ အလဲအထပ်လုပ်ပေးတယ်။

အဲဒါ မိုးကာတွေအတွက်ပေါ့လေ။ မိုးကာတွေကျတော့ လက်ရှိအနေအထားမှာ အစ်မတို့အတွက် အဆင်ပြေတယ်။ မိုးကာတွေကျတော့ အစ်မတို့ စစ်ဘေးရှောင်တွေအတွက်သက်သက်စုထားတဲ့ဟာရှိတယ်။

အဲဒါ မကုန်သေးဘူးလားဆိုတော့ မကုန်သေးဘူး မကုန်သေးတဲ့ အဲဒီအထဲကပဲ အသုံးပြုနေရတယ်။ တကယ်လို့ စစ်ဘေးရှောင်အသစ်တွေ ထပ်လာရင်လည်း အစ်မတို့ဘက်က တာလပတ်တို့ မိုးကာတို့ သွားပေးတယ်။ ဒီလိုမျိုးအမိုးအကာတွေအတွက် အဆင်ပြေအောင်ပေါ့။ အဲဒါတွေတော့ အစ်မတို့မှာ စုထားတဲ့ဟာတွေရှိတယ်။ အဲဒါတွေထုတ်သုံးနေတယ်။

ဒါပေမယ့် အဲဒါတွေလည်း ပြန်မဖြည့်ရသေးဘူး။ ထုတ်တော့ ထုတ်သုံးနေတယ် ရှိသလောက်နဲ့ပဲ ပေး ပေးပြီးတော့ ထုတ်သုံးနေတယ်။ မကုန်တော့ မကုန်သေးဘူး။ အဲဒီလိုမျိုး အနေအထားတော့ ရှိတယ်။

မေး – စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့အပြင် ဖြတ်လေးဖြတ် ဖြတ်တောက်ခံထားရကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်တဲ့ အခြေအနေရော ဘယ်လိုရှိပါသလဲ။
ဖြေ – ဆန်တွေဆီတွေဆိုတာ အရင်ကထက် အဆမတန်ဈေးတွေ တအားမြင့်လာတယ်လေ။ အရင်က ဆီတစ်ဘူး ၃၅၀၀ တန်နဲ့ ၂၅၀၀ တန်တွေက အခုက ၅၅၀၀ ၆၅၀၀ ပေးပြီးတော့ ဝယ်စားနေရတယ်။ ဆေးတွေတောင်မှ အဆမတန်ပေါ့ဆို။

အရင်တုန်းကဆို မက်ထရိုဒွင်းတွေလည်း ဝမ်းသွားတဲ့အခါမှာ အစ်မတို့ သွင်းရတဲ့ ဆေးတွေရှိတယ်လေ မက်ထရိုအရည်တွေလေ။ အဲဒါတွေတောင်မှ အရင်ကဆို တစ်ဘူးကို ၁၅၀၀ ပဲ။ အခုက တစ်ဘူးကို ၅၅၀၀ ၆၀၀၀ ဖြစ်ကုန်တဲ့ အနေအထားတွေ ဖြစ်ကုန်ပြီပေါ့။

ဆန်တွေဆိုရင်လည်း ဒီလိုမျိုးပဲလေ။ ပြောလို့လည်းမကောင်းဘူး။ ဘယ်အချိန်မှ ပြီးမှာလဲ မသိဘူး။ စိတ်ညစ်လာပြီ။

မေး – တစ်ဖက်မှာလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတာကြောင့် စစ်ဘေးရှောင် ကလေးသူငယ်တွေရဲ့ ပညာသင်ခွင့် ဆုံးရှုံးတဲ့ အခြေအနေရော ဘယ်လိုရှိပါသလဲ။
ဖြေ – ကလေးတွေကို အဲဒါ စစ်ဘေးရှောင်ကလေးတွေဆိုရင် NUG ကျောင်းတွေအားလုံးမှာ free ဘဲ။ free ဆိုတာ အဝတ်အစားမဟုတ်ဘူး ကျောင်းအပ်။ ကျောင်းလခလည်း free ပေါ့။

ဒါပေမယ့် အစ်မတို့ကျတော့ အမြဲတမ်းတော့ စစ်ဘေးရှောင်ကလေးတွေကို သူတို့အတွက် ပေတံတွေ စာအုပ်တွေ ခဲတံတွေ မထောက်ပံ့နိုင်တော့ဘူး။ မနှစ်ကတော့ ထောက်ပံ့ပေးတယ် တစ်ခါတလေ။ ဒါ NUG ဖွင့်ထားတဲ့ ကျောင်းမှာ သုံးရတယ်။

လိုမျိုး ဘောပင်တွေ မာကာပန်(Marker Pan)တွေ။ ပြီးတော့ ဆေးရည်တွေ ပြီးတော့ ကလေးတွေ စာအုပ်တွေ ပေတံတွေ ခဲတံတွေ အဲ့လောက်ဘဲ ထောက်ပံ့ပေးနိုင်တယ်။

အဓိက တကယ်မှာဆိုရင် အလိုအပ်ဆုံးက ဘာလဲဆို တကယ်မှာဆိုရင် စစ်ဘေးရှောင်အခက်အခဲမှာတောင်မှလေ အခုကလေ တအားကြီးလည်း ပင်ပန်းလောက်ပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ တစ်အိမ်ကို ပိုက်ဆံ တစ်သိန်း မိသားစုတစ်စုရယ် ပေးလို့ရတဲ့ အနေအထား။

စစ်ဘေးရှောင်မှာကျတော့ အစ်မတို့ ကျောင်းလခလည်း free ပဲ။ တစ်လဆိုရင် အခုအစ်မတို့က NUG ကျောင်းဖြစ်တဲ့အတွက် NUG ကတော့ ကျောင်းသားတွေကို လခမယူရဘူးလို့ ပြောရမှာလား။ ဒါပေမယ့် ဆရာတွေကို သူတို့ ထောက်ပံ့မပေးနိုင်တဲ့ အနေအထားမှာဆို အစ်မတို့ရွာမှာကျတော့ ဘယ်လိုမျိုးလုပ်လဲဆိုတော့ ရွာသားတွေပေါင်းပြီး ဆရာမတွေကို ထောက်ပံ့ပေးရတယ်လေ။

တခြားရွာကနေပြီးတော့ ကိုယ့်ရွာမှာ စေတနာနဲ့ လာလုပ်ပေးတယ်ဆိုတော့ သူတို့ကိုလည်း ပြန်ထောက်ပံ့ပေးချင်တယ်ဆိုတော့။ အဲဒါ ကျောင်းသားတွေဆီက ပိုက်ဆံပြန်ကောက်ပြီးတော့ ဆရာတွေကို အစ်မတို့က တစ်လကို ထောက်ပံ့ကြေးပုံစံ ပေးဖို့ ဆရာမအင်အားများရင် အများအလိုက်ကြီးပဲ တအားလိုတယ်လေ။ ပိုက်ဆံတွေလိုတယ်လေ။

အဲဒါ အစ်မတို့ ပြန်စုပြီးတော့ ဆရာမတွေကို ပြန်ပြီးတော့ ထောက်ပံ့ပေးတယ်ပေါ့။ ဒါပေမယ့် သူတို့မှာ ကျောင်းအသုံးအဆောင်ကျတော့ ကျောင်းအပ်တဲ့ တစ်ရက်တော့ ကျောင်းအသုံးအဆောင် ပစ္စည်းတွေရတယ်။ ပြီးတော့ သူတို့အဝတ်အစားလိုကြပြီး အဝတ်အစားလည်း အစ်မတို့ မထောက်ပံ့ပေးနိုင်ဘူး။

ပြောမယ်ဆို တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံးလိုပြီး ကျောင်းတက်မယ်ဆိုရင် အဲဒါတွေ အစ်မတို့ စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးနိုင်တဲ့ဟာတွေ မရှိဘူးပေါ့။

အဓိက ထီးတောင်မှ မထောက်ပံ့ပေးနိုင်ဘူး။ ထီးအစ ဖိနပ်အဆုံး အစ်မတို့ ဘာမှ မထောက်ပံ့ပေးနိုင်ဘူး။ ဒါမယ့် ကျောင်းမှာ လကုန်ခါကျဆိုတော့ စစ်ဘေးရှောင်ဖြစ်တဲ့အတွက် သူတို့ ကျောင်းလခ မပေးရတဲ့ဟာ တစ်ခုပဲ။ အဲဒါတစ်ခုပဲ အစ်မတို့ဘက်က တတ်နိုင်တယ်။


ပြီးတော့ ရွာသားတွေ အခုတော့ တအားပင်ပန်းတယ် ရွာသားတွေဆိုရင်လေ။ သူတို့က စစ်ဘေးရှောင်လည်းမဟုတ်တဲ့အတွက် လကုန်ခါကျဆိုရင် သူတို့မှာလည်း ပေးရ စစ်ဘေးရှောင်မဟုတ်တဲ့အတွက် သူတို့မှာ လကုန်ကျရင် လခပေးရတယ်။

ပြောမယ်ဆိုရင် လခတွေလို့ မပြောရရင် ဘယ်လိုပြောမယ်ဆိုရင် ထောက်ပံ့ကြေး ပေးရတဲ့ အနေအထားမှာ တချို့ဟာရှိတယ်ပေါ့ကွယ်။ တချို့ကျတော့လည်း ထောက်ပံ့ကြေး မပေးချင်ကြဘူး။

သူတို့အရင်တုန်းကလည်း မပေးရဘူးဆိုတော့ ကျောင်းတစ်လ ပြီးတော့ ဆိုတော့ တစ်လ မပေးရ အခုက ထောက်ပံ့ကြေးပေးနေရတယ်ဆိုတော့ စားနပ်ရိက္ခာတွေလည်း ဈေးကြီးလာပြီး မတတ်နိုင်တဲ့ အနေအထားမှာဆိုတော့။

ကျောင်းမတက်ရတဲ့ ကလေးတွေလည်းရှိသေး ဒါပေမယ့် သူတို့ပြောတယ် ကျောင်းမှာ သွားပြီးခါကျဆိုရင် ကျွန်မတို့က မတတ်နိုင်တဲ့အခါကျရင် သားငယ်လည်း စာသင်ချင်နေတယ်။ ဒီမျိုးအနေအထားမှ သူတို့ညှိပေးမယ်ဆိုတောင်မှာလေ။

သူတို့က ဘာမတတ်နိုင်ဘူးဆိုရင် အဲဒါကလေးကို ကျောင်းပို့ဖို့အတွက် အဝတ်အစား အသုံးအဆောင်တွေ မဝယ်ပေးနိုင်တဲ့ အနေအထားတွေ ဖြစ်နေကြတာပေါ့။ ကုန်ဈေးနှုန်းတွေ တအားမြင့်တက်လာပြီဆိုတော့ စရိတ်စကတွေ တအားများလာတယ်။

မေး – စစ်ဘေးရှောင်တွေ ရင်ဆိုင်နေတဲ့ ကိစ္စအဝဝကိုရော ဘယ်လိုရင်ဆိုင် ဖြေရှင်းနေရလဲ။
ဖြေ – အမိုးအကာတော့အဆင်ပြေတယ်။ စားနပ်ရိက္ခာကျတော့ အစ်မတို့က ဘယ်လိုမျိုးလုပ်နေလဲဆိုတော့ အရင်ကဆို တစ်လစာပေးနိုင်တယ်။ တစ်လစာကနေပြီးတော့ ၁၅ ရက်စာဖြစ်လာတယ်။ ၁၅ ရက်စာကနေ ၁၀ ရက်စာ ဖြစ်လာတယ်ပေါ့။

ဒီလိုမျိုး လူတစ်ဦးကို ကလေးကနေပြီးစ လူကြီးအဆုံး တစ်ရက် ဆန် ဆယ်နှစ်ပုံးကိုကျတော့ အစ်မတို့ မလျော့ချဘူး။ ကျန်တဲ့ ဆန်ဆီ ဆေးဆားလည်း အစ်မတို့ မလျော့ချဘူး။ စားရိတ်ကိုတော့ လျှော့ချရတယ်။

အစ်မတို့မှာမတတ်နိုင်ဘူး။ စရိတ်စကလည်း ဈေးတအားများတယ်လေ။ ရှိနေတဲ့ ဘက်ဂျက်ကလည်း မလုံလောက်တဲ့အတွက် တစ်လစာကနေ ၁၅ ရက်စာ၊ ၁၅ ရက်စာကနေ ၁၀ ရက်စာ အဲဒီလိုမျိုး တဖြည်းဖြည်းလျော့ကျလာတယ်။ သူတို့အတွက်လေ။ ကျန်တဲ့ အမိုးအကာနဲ့ ပတ်သက်တဲ့ အပိုင်းကျတော့ အဆင်ပြေတယ်။

မေး – နောက်ဆုံးအနေနဲ့ တစ်ခြား ဖြည့်စွက်ပြောကြားချင်များရှိရင် ပြောကြားပေးပါဦး။
ဖြေ – ဖြည့်စွက်ပြောချင်တာက အစ်မတို့မှာကျတော့လေ အရင်ဆုံးက တစ်လကို တစ်ခါလောက် တစ်လလုံးစာကို စစ်ဘေးရှောင်တွေကို အစ်မတို့ ထောက်ပံ့ပေးနိုင်တယ်လေ။ အစ်မတို့ နွေဦးမေတ္တာကလေ။

အခုနောက်ပိုင်းကျတော့ ဆန်ဈေးတွေမြင့်တက်လာတယ်။ ခရီးစရိတ်တွေ။ ထမ်းလာတဲ့အတွက် သူတို့က ဆန်တွေမှာဆိုရင် သူတို့ သယ်ယူစရိတ်ပါ ထည့်ပေါင်းလာတဲ့အတွက် အစ်မတို့မှာ စားသုံးသူတွေ စုဆောင်းသူတွေမှာ နစ်နာတယ်။

အဲဒါနစ်နာတဲ့အတွက် အစ်မတို့ ဒါစစ်ဘေးရှောင်တွေကို ပံ့ပိုးနေတဲ့ အခြေအနေမှာ ဘာသွားဖြစ်လာလည်းဆိုတော့ ရှိတဲ့ ဘက်ဂျက်နဲ့ စစ်ဘေးရှောင်တွေ အကုန်လုံး လုံလောက်အောင် လောက်ငှအောင် သုံးရတဲ့ အနေအထားမှာ တစ်လစာကနေပြီးတော့ ၁၅ ရက်စာ၊ ၁၅ ရက်စာကနေပြီတော့ ၁၀ ရက်စာ လျော့ကျလာတယ် လျော့နည်းလာတယ်ပေါ့ ထောက်ပံ့မှုအင်အားတွေ။ လျော့နည်းလာတဲ့အတွက် စစ်ဘေးရှောင်တွေမှာ တစ်လမှာ ရက်ပေါင်း ၃၀ ရှိတဲ့ အနေအထားမှာ ၁၀ ရက်စာဘဲ ထောက်ပံ့နိုင်တဲ့အတွက် ကျန်တဲ့ ရက်ပေါင်း ၂၀ စာကိုကျတော့ သူတို့လည်း အခုဆိုရင် စုဆောင်းမှ ရမယ်လေ။

သူတို့ကလည်း ကိုယ်ရပ်ကိုယ်ရွာမှာလည်းမဟုတ် သူများရွာမှာ လာပြီးတော့ စစ်ဘေးရှောင်နေရတယ်ဆိုတော့ အလုပ်အကိုင်တွေလည်း ရှားပါးမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းတဲ့နေရာတွေမှာဆိုရင် အလုပ်အကိုင် အခွင့်အလမ်းလည်းမရှိ အလုပ်အကိုင်လည်းရှားပါးမယ်။

တချို့သူတွေအတွက်ကျတော့ ရှိတဲ့ အလုပ်လေးကို သူတို့ ဝင်ကြမယ်ဆိုရင်တောင် အလုပ်ရှင်က ခေါ်ဦးမှလေ။ အဲဒီလိုမျိုး သူတို့မှာ အခက်အခဲတော့ ရှိတယ်ပေါ့။ အဲဒါ အစ်မတို့ တစ်လစာလုံး ထောက်ပံ့ပေးနိုင်ဖို့အတွက်ပေါ့ စစ်ဘေးရှောင်ကို ထောက်ပံ့ပေးမယ့် အလှူရှင်တွေကိုလည်း အစ်မတို့ နွေဦးမေတ္တာအဖွဲ့ကနေ ဖိတ်ခေါ်ချင်တယ်ပေါ့။

သံလွင်တိုင်းမ်

ဓာတ်ပုံ – နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.