ကျိုက်ထို၊ ဇွန် ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

မနေ့ ဇွန် ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ပိန္နဲကုန်းကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပိန္နဲကုန်းကျေး ရွာနေ သားအဖနှစ်ဦးဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးသန်းဦး၊ သမီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် မရီရီဝင်းတို့ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီနေ့မှာပဲ စစ်ကောင်စီအမြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကွင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံနေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီအမြောက်တပ်ရဲ့ တစ်နေ့လုံးနီးပါး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပိန္နဲကုန်း၊ စစ်ကွင်း၊ ဝါးဒက်ကွင်း၊ သုံးခွဲနဲ့ မုက္ခမော့ကျေးရွာဒေသခံတွေဟာ တစ်နေ့ကုန်နီးပါး နေအိမ်တွေရှိ ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ် ဇီးပြောင်း ၁ ကျေးရွာအနီး ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရော်ဘာခြံလုပ်သား အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့မေလတစ်လအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.