နယူးဒေလီ၊ ဇွန် ၁၂

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ ကလေးငယ် တစ်ဦးဟာ H9N2 ခေါ်တဲ့ ကြက်ငှက်တုပ်ကွေး ကူးစက်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇွန် ၁၁ ရက်နေ့မှာ အတည်ပြုထားပါတယ်။

လူနာဟာ အသက် ၄ နှစ်အရွယ်ဖြစ်ပြီး နေကောင်းသွားလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း WHO ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အိန္ဒိယမှာ လူတွေ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရကြောင်း WHO က အတည်ပြုတဲ့ ဒုတိယမြောက်လူနာဖြစ်ပြီး ပထမဆုံးလူနာကို ၂၀၁၉ ခုနှစ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လူသားတွေဟာ ရောဂါပိုးရှိတဲ့ ကြက်ငှက်တွေ ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့ ထိတွေ့မိတဲ့အချိန်မှာ ရောဂါကူးစက်ခံရနိုင်ပါတယ်။

လူသားတွေ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရရင် မပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ ပြသကြောင်း WHO က ပြောပါတယ်။

ဒါပေမဲ့ ၂၀၀၃ နောက်ပိုင်း ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ရောဂါကူးစက်သူ စုစုပေါင်း ၈၈၈ ဦး ရှိပြီး သေဆုံးသူ ၄၆၃ ဦး ရှိခဲ့ပါတယ်။

ရောဂါကူးစက်မှု အများစုဟာ အီဂျစ် ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

FILE PHOTO: Test tubes labelled “Bird Flu” and a piece of paper in the colours of the Indian national flag are seen in this picture illustration, January 14, 2023. REUTERS/Dado Ruvic/Illustration/File Photo

လက်ရှိမှာ ဒီဗိုင်းရပ်စ်ကြောင့် သာမန်လူထုအပေါ် ကျန်းမာရေးအန္တရာယ် ကျရောက်စေနိုင်တဲ့ ရာခိုင်နှုန်းက နည်းတယ်လို့ WHO က ပြောပါတယ်။

ဒါပေမဲ့ လူသားတွေအတွက် အန္တရာယ် ကျရောက်နိုင်မှုနဲ့ ပတ်သက်လို့ ရောဂါ ကူးစက်မှုဆိုင်ရာ အချက်အလက်တွေကို ထပ်မံလေ့လာရမှာ ဖြစ်ပြီး ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတယ်လို့ WHO က ပြောပါတယ်။

အိန္ဒိယမှာ ရောဂါကူးစက်ခံရတဲ့ ကလေးဟာ အိမ်မှာ ရောဂါပိုးရှိတဲ့ ကြက်နဲ့ထိတွေ့ခဲ့ပြီး သူ့ကိုကုသခဲ့တဲ့ ကျန်းမာရေးလုပ်သားတွေ ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်က လူတစ်ယောက်မှတော့ ရောဂါ ကူးစက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီ ကလေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ဝမ်းဗိုက် နာကျင်မှုနဲ့ အဖျားအရမ်းကြီးတဲ့ လက္ခဏာတွေ ပြသခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်မှာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရသူ တစ်ယောက်ဆီကနေ နောက်လူတစ်ယောက်ဆီကို ကူးစက်နိုင်ခြေ နည်းတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

အိန္ဒိယအစိုးရကတော့ အဲဒီဒေသကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကြက်ခြံတွေမှာ ကြက်ငှက်တုပ်ကွေး ပျံ့နှံ့နေရင် လူသားတွေဆီ ရောဂါ ကူးစက်မှု ဆက်လက်ကြုံတွေ့ရဖွယ် ရှိတယ်လို့ ပြောဆိုထားပါတယ်။

Ref:NDT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.