သထုံ၊ ဇွန် ၁၃

မွန်ပြည်နယ် သထုံမြို့နယ်ရဲ့ ခရိုင်ချင်းဆက်လမ်းပိုင်းတွေဖြစ်တဲ့ ကျိုက္ကော်- ဝီယော်နဲ့ ကြာပန်း – ဝီယော်လမ်းပိုင်းတွေမှာ ဇွန်လပထမအပတ်ကစပြီး စစ်ကောင်စီတပ်က ခရီးသွားပြည်သူတွေကို စစ် ဆေးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဝင်းပအခြေစိုက် အမှတ် ၉ ခြေမြန်တပ်ရင်းနဲ့ ဝီယော်တပ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ သူတို့စခန်းအရှေ့မှာ ဂိတ်စခန်းတွေ ဖွင့်လှစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ကျေးရွာတွေထဲ သွားရောက်မယ့်ဒေသခံတွေကို ပိုမိုစစ်ဆေးမှုတွေ ပြုလုပ်လာတာပါ။

အဲဒီစစ်ဆေးရာ မှတ်ပုံတင်ကအစ တောင်းစစ်တာတွေ ရှိနေပြီး သထုံမြို့နယ် မှတ်ပုံတင်မဟုတ်ဘဲ တခြားဒေသက လာရောက်သူတွေကို အချိန်အကြာကြီး စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံတွေဟာ ခရီးသွားလာရာနဲ့ ကုန်ပစ္စည်းသယ်ဆောင်ရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဒေ သခံတွေထံကနေ သိရပါတယ်။

အဲဒီလမ်းပိုင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အဓိက အသုံးပြုနေတဲ့ လမ်းပိုင်းတွေဖြစ်တာ ဒါမှမဟုတ် စစ်မှုထမ်းဥပဒေ ရှောင်ရှားဖို့အတွက် လူငယ်တွေ တော်လှန်ရေးအဖွဲ့တွေထံ ဝင်ရောက်မှု မရှိနိုင်အောင် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ သထုံမြို့နယ်အပြင် ကျိုက်ထိုမြို့နယ်ရဲ့ ကျေးရွာချင်းဆက်လမ်းပိုင်း တချို့မှာလည်း ခရီးသွားပြည်သူတွေကို ပိတ်ဆို့စစ်ဆေးတာ၊ မထင်ရင်မထင်သလို ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.