မြဝတီ၊ ဇွန် ၁၃

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအတူနဲ့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေကြောင့် ဇွန်လဆန်းပိုင်းကစပြီး ဆန်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအပါအ ဝင် ဒေါနတောင်ပေါ်လမ်းဟောင်းတို့ဟာ လနဲ့ချီ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့ ပိတ်ထားခဲ့တာကြောင့် နယ်စပ်ကုန်သွယ်မှုနဲ့ ခရီးသွားလာရေးအတွက် ပြည်သူလူထုတွေက ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ထို့ကော်ကိုးတောင်ပေါ်လမ်း၊ သေ့ကတေကြက်ဥတောင် တောင်ပေါ်လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းတို့မှာ သွားလာအသုံးပြုနေခဲ့ရပြီး ဒီလိုသွားလာ အသုံးပြုရာမှာ စစ်ကောင်စီတပ်အပါအဝင် လက်နက် ကိုင်အဖွဲ့တွေအားလုံးကို ငွေကြေးအဆမတန် ပေးဆောင် နေရပါတယ်။

လတ်တလော မိုးတွင်းကာလမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် ထို့ကော်ကိုးလမ်း၊ သေ့ကတေ ကြက်ဥတောင်လမ်းနဲ့ ၁၀၁၈ တောင်ပေါ်လမ်းတွေမှာ လမ်းမြေသားတွေ ပျက်စီးခဲ့ရပြီး ယာဉ်အများအပြား အသွားအ လာခက်ခဲမှုနဲ့ နစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့သလို ဒေါနတောင်ပေါ်လမ်းဟောင်းမှာလည်း မြေပြိုမှုတွေပါ ဖြစ်ပေါ်ခဲ့ ပြီး ယာဉ်အများအပြား ပိတ်ဆို့တာတွေ ဖြစ်ပေါ်နေခဲ့တာပါ။

ယာဉ်ကြောပိတ်ဆို့မှု၊ တောင်ပေါ်လမ်းတွေ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရတာကြောင့် မြဝတီမြို့ကို သယ်ပို့လာတဲ့ ဆန်အ ပါအဝင် ကုန်စည်ပစ္စည်းတွေအားလုံးဟာ ကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့ရပြီး လတ်တ လောမှာ မြဝတီမြို့ပေါ်မှာ ဆန်ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

“ကုန်ကားတွေမရောက်ကြတာပေါ့လေ။ ကုန်ကားတွေမရောက်ကြတဲ့အတွက် ဆန်နည်းနည်းလေး ကြန့်ကြာသွားတာပေါ့နော်။ နောက်လေးငါးရက်လောက်တော့ ရောက်မယ်လို့တော့ ကုန်ကားတွေကပြောတယ်” လို့ မြဝတီမြို့ခံ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

ဆန်ပြတ်လပ်မှုကြောင့် ဆန်ချောတစ်အိတ်လျှင် ကျပ်နှစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး ဆန်ကြမ်း တစ်အိတ်လျှင် ကျပ်တစ်သိန်းနှစ်သောင်းနီးပါးအထိ ပေါက်ဈေးရှိနေပြီး ဆန်အမျိုးအ စားအပေါ် မူတည်ပြီးဈေးနှုန်းကွာခြားမှုရှိတယ်လို့ သိရပါတယ်။

မြဝတီမြို့ခံတစ်ဦးကလည်း “တချို့ဆိုင် ရှိတဲ့ဆိုင်ရှိကြတယ်၊ မရှိတဲ့ဆိုင်မရှိကြဘူး။ မြန်မာဆန်က အောက်ကမတက်လာဘူး။ အောက်ကကားတွေက အဆင်မပြေဘူး။ တက်လို့မရဘူး။ လမ်း ကြောင်း မကောင်းဘူး” လို့ ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့မှာတော့ မြဝတီမြို့ထဲကို ဆန်တင်ဆောင်လာတဲ့ ကုန်ကားအချို့ ရောက်ရှိလာခဲ့ပေမယ့် ရောက်ရောက်ချင်း တခဏမှာပဲ ဝယ်ယူသူတွေများပြားတဲ့အတွက် ကုန်သွားခဲ့တယ်လို့ ဒေ သခံတွေက ပြောကြပါတယ်။

အခြားမြဝတီမြို့ခံတွေကို ဆက်သွယ်မေးမြန်းချက်တွေအရ ဆန်သယ်ယူလာတဲ့ တောင်ပေါ်လမ်းတွေမှာ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့်ကို တားမြစ်ကန့်သတ်ပိတ်ပင်ထားသလို ဆန်အိတ်တောင်းတာ၊ ငွေကြေးအဆမတန် တောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လူဦးရေ တစ်သိန်းကျော် နေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ဟာ စစ်တပ်အာဏာ သိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံး ဆန်ပြတ်လပ်မှုလည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.