ပေါက်တော၊ ဇွန် ၁၂
ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းအပါအဝင်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက် မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ပေါက်တောမြို့ပေါ်ရပ်ကွက် ၁ ၊ သဝင်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနဲ့ လက်ပံပြားကျေးရွာတွေကို Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒါအပြင် စစ်ကာင်စီက အဲဒီနေရာတွေကို ဒရုန်းတွေနဲ့ ၁၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့သလို နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ AA က ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်မှ အသက် ၅၃ နှစ်အတွင်းရှိတဲ့ ဦးနေဝင်း၊ ဒေါ်နှင်းချေ၊ ဒေါ်အေးကျော့စိန်၊ ဦးကျော်စိုး၊ မယဉ်ယဉ်ချေ၊ ဒေါ်နုအေး၊ ဒေါ်ဇနီးမယ်၊ ဒေါ်ဦးမေသန်းနဲ့ ဦးလှမောင်သန်းတို့မှာ အလတ်စား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဦးညီညီအောင်မှာ အပြင်းစား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားတဲ့ မြို့ရွာတွေအပါအဝင် မောင်တော၊ သံတွဲနဲ့ အမ်းစတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက် ပြုလုပ်လာတယ်လို့ AA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ကလည်း သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA