မော်လမြိုင် ၊ ဇွန် ၁၂

မွန်ပြည်နယ်အတွင်းက နေလှန်းဆားလုပ်ငန်းတွေဟာ အခုနှစ်ဆားရာသီမှာ အထွေထွေကုန်ကျစ ရိတ်ကြီးမြင့်မှုနဲ့အတူ လုပ်သားရှားပါးတဲ့ ပြဿနာတွေကြောင့် အရှုံးပေါ်ခဲ့ကြတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်အတွင်းမှာ နေလှန်းဆားလုပ်ငန်းကို နှစ်စဉ်အောက်တိုဘာလကနေ မေလကုန်အထိ လုပ် ကိုင်ကြတာဖြစ်ပြီး ဒီနှစ်မှာတော့ ဆားတောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဆားတောင်သူတွေဟာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ အထွေထွေသုံးကုန် ပစ္စည်းဈေးနှုန်းတွေ ကြီးမြင့်လာမှုနဲ့အတူ လုပ်သားရှားပါးတဲ့အတွက် လုပ်အားခဈေးနှုန်း ပိုမိုပေးဆောင်ခဲ့ရပါတယ်။

ဒါ့အပြင် ဆားထုတ်လုပ်ချိန်ကာလအတွင်း အချိန်အခါမဟုတ် ရွားသွန်းခဲ့တဲ့ မိုးကြောင့် ဆားကွင်းတွေ ပျက်စီးခဲ့တာ၊ ဆားအသစ်ပေါ်ချိန်မှာလည်း ထင်ထားသလောက် ဈေးနှုန်းမရရှိခဲ့တဲ့အတွက် အရှုံးပေါ်ခဲ့ကြတာပါ။

ဆားတောင်သူတစ်ဦးကတော့ ဒီနှစ်ဆားရာသီမှာ စက်သုံးဆီခက်ခဲပြီး ဈေးကြီးပေးဝယ်သုံးရသလို လုပ်သားဈေးနှုန်း မြင့်တက်လာတဲ့အပြင် ပစ္စည်းတွေလည်း ဈေးကြီးပြီး ဆားဈေးနှုန်း သိပ်မရတာကြောင့် အရှုံးပေါ်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီလက်ရှိ အခြေအနေဆိုရင်တော့ အရှုံးပေါ်တာပေါ့။ ဆီအခက်အခဲပေါ့။ ဆီဆိုင်တွေက ပိတ်တယ် ။ အဲဒီအတွက် ဆီကလိုက်လျှောက်ရှာဝယ်ရတယ်။ ဆီဈေးကလည်း ကြီးတယ်။ ပြီးတော့ လုပ်သားဆိုလည်း လုပ်သားဈေးကြီးတယ်။ နောက်ပြီးတော့ ပစ္စည်းတွေဝယ်တာလည်း ဈေးကြီးတယ်အ ကုန်လုံး။ ဆားဈေးနှုန်းက တစ်ပိဿာ ၁၃၅ ကျပ် ၁၄၀ အဲဒီလောက် ပတ်ချာလည်ပဲရှိတယ်ဆိုတော့ အရှုံးပေါ်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ဆားရာသီကာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် ဆားကွင်းတချို့ ပျက် စီးပြီး ပြန်လည်ပြုပြင်ရတာကြောင့် ကုန်ကျစရိတ် နှစ်ခါကုန်ကျခဲ့ရသလို ဆားထွက်ရှိမှုပါ နောက် ကျခဲ့တဲ့အတွက် ပိုမိုဆုံးရှုံးရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဆားတောင်သူတစ်ဦးကလည်း ဒီနှစ်ဆားရာသီမှာ ရာသီဥတုကြောင့် ဆားအထွက်နှုန်း လျော့ကျခဲ့သလို စက်သုံးဆီအပါအဝင် လုပ်သားစရိတ်တွေကြောင့် ကုန်ကျစရိတ် နှစ်ဆလောက်ကုန်ကျပြီး အရှုံးပေါ်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဆားအခက်အခဲက ဘယ်လိုဖြစ်လဲဆိုတော့ ဒီနှစ်ရာသီက ပူတယ်။ ဆားအထွက်နှုန်းက မနှစ်ကထက်လျော့တယ်။ ဒီနှစ်က ဆားတစ်သိန်း လောက်ကွာသွားတယ်။ မနှစ်ကဟာနဲ့ အခုနှစ်နဲ့။ ဒါပေမယ့် ဈေးမှာအဆင်မပြေဘူး။ ဘယ်လိုအဆင်မပြေတာလဲဆိုတော့ တခြားကုန်ဈေးနှုန်းတွေတက်ပြီးတော့ ကျွန်တော်တို့ ဒီဆားတစ်မျိုးက ဈေးကတော့ ပုံမှန်လောက်ပဲသွားနေတယ်။ နောက်ပြီးတော့ ဒီနှစ်ကမနှစ်ကထက်စာလို့ရှိရင် ကုန်ကျစရိတ်က နှစ်ဆလောက် ကုန်သွားတယ်။ ပြီးတော့စာရင်းတွေအကုန်လုံး နှစ်ချုပ်ချုပ်လိုက်တော့ ကျွန်တော်တို့ အရှုံးပေါ်ခဲ့တယ်”လို့ ဆိုပါတယ်။

ဒီနှစ်ရာသီအရှုံးပေါ်ခဲ့တဲ့အတွက် လာမယ့်ဆားရာသီမှာ လုပ်ငန်းအပြည့်အဝလည်ပတ်ဖို့ အခက်အ ခဲ ရှိလာသလို အထွေထွေကုန်ကျစရိတ် ထပ်မံမြင့်တက်လာပါက လုပ်ငန်းလျော့ချရမယ့် အခြေအ နေနဲ့ ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

နေလှန်းဆားလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတွေ၊ လုပ်သားရှားပါးမှုတွေ၊ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေအပြင် ရာသီဥတု ဖောက်ပြန်ပြီး ဆားဈေးနှုန်း ထင်သလောက် မရရှိမှုတွေကြောင့် နှစ်စဉ်နီးပါး အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ နေလှန်းဆားလုပ်ငန်းကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ ဆားတွေကိုတော့ ဒေ သတွင်းအပြင် ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.