နယူးယောက်၊ ဇွန် ၁၁

အမေရိကန် အဆိုပြုထားတဲ့ အစ္စရေး-ဂါဇာ အပစ်ခတ်ရပ်စဲရေး အစီအစဉ်ကို ထောက်ခံကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်တွေမှာ လုံးဝအပြည့်အဝ အပစ်ခတ် ရပ်စဲရေး၊ ဟားမာ့စ်အဖွဲ့ ဝင်တွေ ဖမ်းထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး၊ သေဆုံးသွားတဲ့ ဓားစာခံတွေရဲ့ ကြွင်းကျန်ရစ်တဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပေးအပ်ရေးနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အလဲအလှယ်ပြုလုပ်ရေးတို့အတွက် သတ်မှတ်ချက်တွေကို ဖော်ပြထား ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက တော်တော်များများက အမေရိကန်ရဲ့ အဆိုပြုချက်ကို ထောက်ခံခဲ့ကြပြီး ရုရှားကတော့ မဲမပေးခဲ့ပါဘူး။

အဲဒီဆုံးဖြတ်ချက်မှာ အပစ်ခတ်ရပ်ရေး အဆိုပြုချက်ကို အစ္စရေးက လက်ခံတယ်လို့ ဖော်ပြထားပြီး သဘောတူလက်ခံဖို့ ဟားမာ့စ်အဖွဲ့ကိုလည်း တိုက်တွန်းထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေ ၃၁ ရက်နေ့မှာ တင်ပြခဲ့တဲ့ အဆိုပြုချက်တွေကို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေစုထားတဲ့ ဂျီ-၇ အဖွဲ့ဝင် နိုင်ငံတွေကလည်း ထောက်ခံထားပါတယ်။

ပဋိပက္ခတွေအဆုံးသတ်ရေး ရည်ရွယ်တဲ့ အခုအဆိုပြုချက်ကို အပြုသဘော တုံ့ပြန်ရေး အစ္စရေးနဲ့ ဟားမာ့စ် နှစ်ဖက်စလုံးအပေါ် ဖိအားတွေပိုလာမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ကြိုးပမ်းမှုအတွက် ထောက်ခံမှုရရှိရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု အပါအဝင် အရှေ့အလယ်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး မကြာခင်လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ မဲမခွဲခင် ဝန်ကြီး ဘလင်ကန်က အရှေ့အလယ်ပိုင်း ခေါင်းဆောင်တွေကို ပြောကြားရာမှာ ခင်ဗျားတို့ အပစ်ခတ်ရပ်စဲရေး လိုလားပါက ထောက်ခံပါတယ်လို့ ဟားမာ့စ်တို့ဘက်က ပြောလာအောင် တွန်းအားပေးကြပါလို့ ပြောကြားခဲ့ပါတယ်။

အဲဒီအဆိုပြုချက်မှာ ပါဝင်တဲ့အချက်တွေကို ထောက်ခံကြောင်း ဟားမာ့စ်က အရင်ကလည်း ပြောထားဖူးပြီး သူတို့အနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု အာမခံချက်နဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ လုံးဝ ဆုတ်ခွာရေး တောင်းဆိုလာဖို့ ရှိနေပါတယ်။

အဲဒီအဆိုပြုချက်တွေကို ကာတာနိုင်ငံရေး ခေါင်းဆောင်ပိုင်းက တရားဝင် တုံ့ပြန်မှု မရှိသေးဘူးလို့ အမေရိကန်နဲ့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

သမ္မတ ဘိုင်ဒန်ရဲ့ အစီအစဉ်ကို အကောင်းအထည် ဖော်နိုင်ခဲ့မယ်ဆိုရင် ဂါဇာမှာ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေကို ပြန်လည် တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။

အဆိုပြုချက် ပထမအဆင့်မှာ အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ လဲလှယ်ရေးအပြင် ရေတိုကာလ အပစ်ခတ်ရပ်စဲရေး ပါဝင်ပါတယ်။

ဒုတိယအဆင့်မှာတော့ တိုက်ခိုက်မှုတွေ ထာဝရ ရပ်တန့်ရမှာဖြစ်ပြီး ဂါဇာက အစ္စရေးတပ်တွေ အပြီးတိုင်ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ ဂါဇာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်မှု ပါဝင်မှာဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေ စတင်မှာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.