ဖနွမ်းပင် ဇွန် ၁၁

အသစ်ခန့်အပ်ခံထားရတဲ့ ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေးက သူရာထူးမှာရှိနေသမျှကာလပတ်လုံး နာမည်ကျော် မြန်မာ့လက်ဝှေ့သမား ဒေ့ဗ် လဒုကို နိုင်ငံတွင်းမှာ ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကမှ ခမာလက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်ကော်မတီကနေဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ချဟေးက မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်ရဲ့ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ အခုလိုမျိုး ဆုံးဖြတ်ချက် လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေ့ဗ်က “ခင်ဗျားတို့ ကျနော့်ကို ထပ်ပြီးထိုးသတ်စေချင်တယ်ဆိုရင် ကျနော် ဒေါ်လာ ၁ သန်းလိုအပ်ပါတယ်။ ကျနော် မွေထိုင်းဖိုက်တာတွေကို အလဲထိုးမှာပါ။ ဘာလို့လဲဆိုတော့ မွေထိုင်းဆိုတာ ခမာသိုင်းပညာရပ်ကို ကော်ပီယူထားတာလို့ ထင်ပါတယ်။ ကျနော်ထပ်ပြီးတော့ မွေထိုင်းဖိုက်တာတွေကို ထိုးသတ်ချင်ပါတယ်။” လို့ ရေးသားထားခဲ့တာလည်းဖြစ်ပါတယ်။

ဇွန် ၉ ရက်မှာလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌက ဒေ့ဗ်ရဲ့အခုလို ထုတ်ဖော်ပြောဆိုချက်ကို ဖတ်ကြား ကြည့်ရှုပြီးတော့ သူကတော့ မထောက်ခံတဲ့အကြောင်း၊ ကမ္ဘောဒီးယားမှာ ထိုးသတ်ဖို့အတွက် များပြားတဲ့ငွေပမာဏာကို ဒေ့ဗစ်က တောင်းခံခြင်းဟာ ခမာလက်ဝှေ့ကို မြှင့်တင်ချင်နေတာထက် ကိုယ်ရေးကိုယ်တာ ရလိုမှုအတွက် တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ မှတ်ယူတဲ့အကြောင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့တုန်းက ခွန်ခမာကိုယ်ခံပညာနဲ့ မြန်မာ့လက်ဝှေ့တို့ကြားက သမိုင်းဝင်လက်ဝှေ့ပွဲဖြစ်ခဲ့တဲ့ ပရွန် ဆမ်နမ်နဲ့ ဒေ့ဗ်တို့ရဲ့ ပွဲမှာလည်း ဒေ့ဗ်က လက်အိတ်နဲ့ ယှဉ်ပြိုင်ဖို့ သဘောတူခဲ့ပေမယ့် ပွဲစခါနီး မိနစ်ပိုင်းအလိုမှ လက်ပတ်စည်းနဲ့ ယှဉ်ပြိုင်ဖို့ တောင်းဆိုခဲ့လို့ ပွဲကို တစ်နာရီနီးပါးလောက်ရွှေ့ဆိုင်းခဲ့ရဖူးတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

အဲဒီလိုမျိုး အငြင်းပွားဖွယ်ရာတွေရှိနေပေမယ့် ဒေ့ဗ်ကတော့ ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့ပြီး ဖနွမ်းပင်မြို့မှာ DAV House ဆိုတဲ့ ကော်ဖီဆိုင်တစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။ အခုလိုမျိုးအဖွဲ့ချုပ်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားတဲ့ ဒေ့ဗ်က အဖွဲ့ချုပ်ဟာ ပရော်ဖက်ရှင်နယ်မဆန်တဲ့အပြင် အရင်ဥက္ကဌဟောင်း မွန်းနဲ့နှိုင်းယှဉ်ပါက လေးစားမှုအပိုင်း အားနည်းပျက်ကွက်နေတယ်လို့ ဝေဖန်ပါတယ်။

အဖွဲ့ချုပ်ဥက္ကဌ ချဟေးကတော့ အတိတ်ကပြဿနာတွေကြောင့် ကမ္ဘောဒီးယားမှာ ယှဉ်ပြိုင်ထိုးသတ်ခွင့်မပြုတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားမှာဖြစ်ပြီး ခမာပြည်သူတွေ အထူးသဖြင့် လက်ဝှေ့အားပေးသူတွေက ဒေ့ဗစ်အပေါ် အာရုံမစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Ref:phnompenhpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.