မော်လမြိုင် ၊ ဇွန် ၁၁

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာမှုနဲ့အတူ အထွေထွေအကျပ်အတည်းတွေကြောင့် မသန်စွမ်းသူတွေ အသက်ရှင်နေထိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မသန်စွမ်းသူတွေဟာ စစ်တပ်အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း အလုပ်အကိုင် အခွင့်အ လမ်း ရှားပါးလာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် အိမ်တွင်းအကြမ်းဖက်မှု ဒဏ်တွေကိုပါ ခံစားနေရတာပါ။

ဒါ့အပြင် မိသားစုစားဝတ်နေရေး အခက်အခဲတွေကြောင့် ကျန်မာရေးစောင့်ရှောက်မှုတွေ အပြည့် အဝမရတာ၊ ဆေးဝါးနဲ့ဆက်ပစ္စည်းတွေအပြင် အာဟာရဓာတ်စာတွေ မဝယ်ယူနိုင်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။

မသန်စွမ်းအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ အာဏာသိမ်းကာလအတွင်း မသန် စွမ်းတွေရဲ့ လူနေမှုအဆင့်အတန်းတွေ အရမ်းနိမ့်ကျလာပြီးနောက် စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာတွေကြောင့် သက်တမ်းပြည့်နေနိုင်ဖို့ ခက်ခဲလာတယ်လို့ ပြောပါတယ်။

“လက်ရှိမှာတော့ ကျွန်တော်တို့ စားဝတ်နေရေး အရမ်းခက်ခဲတယ်ဗျာ။ အလုပ်အကိုင်မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရမ်းနည်းပါးနေတာပေါ့နော်။ အဲဒါက ကြီးကြီးမားမားဒုက္ခပဲ။ မသန်စွမ်းတွေရဲ့ လူနေမှုအဆင့်အတန်း အရမ်းနိမ့်ကျသွားတယ်လေ။ အဲဒီအခါကျတော့ မသန်စွမ်းတွေက တခြားလူတွေထက်စာရင်တော့ အများကြီးအခွင့်အလမ်း နည်းတယ်ဗျာ။ ပြုစုစောင့် ရှောက်တဲ့ဟာ၊ ကျန်းမာရေးစောင့်ရှောက်တာ၊ အာဟာရချို့တဲ့တာ လူနေမှုအတွက်အကုန်လုံးပေါ့လေ။ သက်တမ်းပြည့်နေဖို့က မသန်စွမ်းတွေက ပိုစိန်ခေါ်မှုကြီးမားလာတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် မသန်စွမ်းတွေဟာ စားဝတ်နေရေး အခက်အခဲကြောင့် ရရာအလုပ်ကို ဝင်လုပ်တဲ့နေရာမှာ အရင်လိုအချိုးကျ အလုပ်ခန့်ထားမှုတွေ မရှိတော့သလို ကိုယ်ပိုင်လုပ်ငန်းတွေကလည်း အဆမတန်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရပ်တန့်လုနီးပါး ဖြစ်လာရတယ်လို့ သူကဆက်ပြောပါတယ်။

မသန်စွမ်းသူတစ်ဦးကတော့ စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းဖို့အတွက် အရင်လို အလုပ်တစ်ခုထဲနဲ့ လုံလောက်မှု မရှိတော့သလို တချို့ မသန်စွမ်းသူတွေဟာ အလုပ်အကိုင် အဆင်မပြေတော့တဲ့အတွက် လမ်းဘေးထွက်ပြီး တောင်းစားရတဲ့အဆင့်ထိ ဖြစ်လာရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ မသန်စွမ်းတွေက ပိုပြီးတော့ စားဝတ်နေရေး ပြေလည်အောင်ဖြေရှင်းဖို့ ပိုပြီးခက်ခဲသွားတယ်။ နိုင်ငံအခြေအနေနဲ့ ကုန်ဈေးနှုန်းဈေးတက်တဲ့ အခြေအနေနဲ့ အရင်ပုံမှန်ရှာတဲ့ ဝင်ငွေလောက်နဲ့ မလုံလောက်တော့ဘူး။ ပြီးတော့ဒီထက်မက ပိုရှာရတယ်။ ပိုရှာတိုင်းလည်း အပိုဝင်ငွေ မရလာဘူးပေါ့နော်။ အခုက အလုပ်နှစ်ခုလောက်လုပ်မှသာလျှင် ဒီတစ်ရက်တာ အဆင်ပြေမယ့်ပုံစံမျိုး အဲဒီလိုအခြေအနေမျိုးထိ ရောက်နေတာပေါ့နော်။ တချို့မသန်စွမ်းတွေ အဆင်မပြေတော့ လမ်းဘေးထွက်ပြီး တောင်းစားရတဲ့ အဆင့်ရောက်တာပေါ့”လို့ ဆိုပါတယ်။

မသန်စွမ်းတွေဟာ အလုပ်အကိုင်တွေ ခက်ခဲပြီး စားဝတ်နေရေးအတွက်ကိုသာ ရုန်းကန်နေရတာကြောင့် အရင်လိုကျန်မာရေးစောင့်ရှောက်မှုတွေကို ကိုယ်တိုင်မလုပ်ဆောင်နိုင်တော့ဘဲ အရင်ကထက် ကျန်းမာရေးဆိုးရွားမှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စားဝတ်နေရေးနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် မသန်စွမ်းတွေဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါရှိလာပြီး အချိန်မတိုင်ခင် အသက်သေဆုံးမှုတွေအထိ ရှိလာတယ်လို့လည်း မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

တဖက်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မသန်စွမ်းတွေဟာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေအပြင် အသက်ရှင်သန် နေထိုင်ရေးတွေကအစ အခွင့်အရေးအားလုံးနီးပါး ဆုံးရှုံးနေရပြီး စစ်ကောင်စီဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိသလောက် နည်းပါးနေတာပါ။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေရဲ့ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မသန်စွမ်းသူ ထောင်နဲ့ချီ ထပ်တိုးလာနိုင်တယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.