ဆိုးလ်၊ ဇွန် ၁၀

နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန် တောင်ကိုရီးယားက နယ်စပ်မှာ အသံချဲ့စက်တွေနဲ့ အသံထုတ်လွှင့်နေမှု၊ မိုးပျံပူးဖောင်းတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေမှု မရပ်တန့်ဘူးဆိုရင် လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်ဂျိုယောင်းက သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယားက မိမိတို့နိုင်ငံထဲကို လက်ကမ်းစာစောင်တွေ ပို့ဆောင်နေတာ၊ နယ်စပ်မှာ အသံချဲ့စက်တွေနဲ့ အသံထုတ်လွှင့်နေမှုတွေကို အဆက်မပြတ် လုပ်ဆောင်နေမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ တန်ပြန် လက်စားချေမှုကို မြင်တွေ့ရမှာ မလွဲဘူးလို့ ကင်ဂျိုယောင်းရဲ့ ဇွန် ၉ ရက် ညနေပိုင်း ထုတ်ပြန်ချက်တစ်ရပ်ကို ကိုးကားပြီး မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

South Korean soldiers walk past a military facility (Green box) where loudspeakers dismantled in 2018 used to be, near the demilitarized zone separating the two Koreas in Paju, South Korea, June 10, 2024. REUTERS/Kim Hong-Ji

မြောက်ကိုရီးယားက အမှိုက်သရိုက်တွေ ထည့်ထားတဲ့ ပလတ်စတစ် အိတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ မိုးပျံဘောလုံးတွေ ပို့ဆောင်နေမှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားက အသံချဲ့စက်တွေနဲ့ နယ်စပ်မှာမြောက်ကိုရီးယားဘက်ကို လှည့်ပြီး အသံထုတ်လွှင့်မှုကို ဇွန် ၉ ရက်မှ စတင်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ အရမ်းအန္တရာယ်များတဲ့ အခြေအနေတစ်ရပ်ဆီကို ဦးတည်သွားနိုင်တယ်လို့ အာဏာရ အလုပ်သမားပါတီရဲ့ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ကင်ယိုဂျောင်က ပြောကြားပါတယ်။

မြောက်ကိုရီးယားက အမှိုက်တွေ ထည့်ထားတဲ့ ဘောလုံး အလုံး ၃၃၀ ကို တောင်ကိုရီးယားဖက်သို့ ပို့ဆောင်ခဲ့ပြီးနောက် စိတ်ဓာတ် စစ်ဆင်ရေး ဆင်နွှဲတဲ့အနေနဲ့ တောင်ကိုရီးယားက နယ်စပ်မှာ အသံချဲ့စက်တွေ ချပြီး အသံလွှင့်မှု ပြန်စခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက မိမိတို့ဘက်ကို ဝါဒဖြန့် စာရွက်စာတမ်းတွေ ပို့ဆောင်မှုအတွက် မိမိတို့က အမှိုက်တွေ ထည့်ထားတဲ့ ဘောလုံးတွေပို့ဆောင်ပြီး လက်တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

၂၀၁၈ ခုနှစ်က ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုတစ်ရပ်အရ တောင်ကိုရီးယားက အသံချဲ့စက်တွေနဲ့ အသံထုတ်လွှင့်မှုကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြုံးယမ်းအစိုးရက လက်နက်တီထွင်စမ်းသပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် တင်းမာမှုတွေ မြင့်တက်နေပါတယ်။

တောင်ကိုရီးယားက အသံချဲ့စက်တွေနဲ့ ကမ္ဘာ့သတင်းတွေ၊ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကေပေါ့ပ် ဂီတတွေကို မြောက်ကိုရီးယားဘက်သို့ အသံထုတ်လွှင့်နေတာ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံထဲကို ၁၂ မိုင် ကျော်အထိ ပျံ့နှံ့ရောက်ရှိနေတယ်လို့ ယုံကြည်ရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.