ရေး၊ ဇွန် ၈

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက တပ် ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်ဟာ ဇွန် ၇ ရက်နေ့မှာ လက်နက်အပ်နှံပြီး လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU တပ်မဟာ ၆ ဒူး ပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သူဟာ KNU ထံ လက်နက်အပ်လာရောက်ပူးပေါင်းရာမှာ MA 3 သေနတ် တစ်လက်၊ ကျည်ဘောက်သုံးဘောက်၊ ကျည် ၁၃၀ တောင့်၊ MA 5 သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ဘောက်၊ ကျည် ၁၁ တောင့် နဲ့ အီနာဂါဗုံးသီးလေးလုံးတို့ကိုပါ ယူဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်က တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်ကို KNLA တပ်မဟာ ၆ မှ ထောက်ပံ့ငွေအနေနဲ့ ငွေကျပ်သိန်း ၇၀ ပြန်လည်ပေးအပ်ခဲ့ပြီး သူရဲ့စိတ်သဘောထားအတိုင်း လွတ်မြောက်နယ်မြေတစ်နေရာမှာ နေထိုင်စားသောက်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ နေရာအနံ့ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လျှက်ရှိတယ်လို့ ဆိုပါတယ်။

တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း တပ်မအလိုက် ဖွဲ့ စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အားတွေ လျှော့နည်းလာတဲ့အပြင် စိတ်ဓာတ်ရေးရာ ကျဆင်းလျက်ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကလည်း ရိက္ခာဝယ်ဖို့ ကားနဲ့တစ်ဦးတည်းထွက်လာတဲ့ မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက တပ်ရင်းမှူးဗိုလ်မှူး သန်းနိုင်စိုးကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေက သူတို့တပ်ရင်းအနီး ဖမ်ဆီးရမိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.