ရေဖြူ၊ ဇွန် ၈

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ် သား မိသားစုဝင်သုံးဦးသေဆုံးပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က တပ်အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ရာဖူးရွာသစ်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ကျေးရွာအတွင်းက ဦးအောင်အောင် နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်အတွင်းရှိနေတဲ့ ဦးအောင်အောင်၊ ဇနီးဖြစ်သူ ဒေါ်လားဝါးထူးနဲ့ လသားအရွယ်သမီးဖြစ်သူတို့ဟာ လက်နက်ကြီးထိမှန် သေဆုံးသွားပါတယ်။

ဒါ့အပြင် နေအိမ်အနီးအနားနေ ဆယ်ကျော်သက်အရွယ် ကလေးငယ်နှစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဦးအောင်အောင်နေအိမ်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အ ရ သိရပါတယ်။

အဲဒီတိုက်ပွဲဟာ ညနေ ၄ နာရီလောက်မှာ ပြန်လည်ငြိမ်သက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၈ ရက်နေ့ မနက်ပိုင်းထိ ရာဖူးရွာသစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ မိုင်ခြောက်ဆယ်ကျေး ရွာဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေထိုင်နေကြပါတယ်။

တိုက်ပွဲကြောင့် ရာဖူး၊ မိုင်ခြောက်ဆယ်၊ မရမ်းချောင်း၊ ခြောက်ဆယ်နှစ်မိုင်ကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့ကလည်း ရေဖြူမြို့နယ် ဇာဒီကျေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တဲ့အတွက် မောင်နှမနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.