နယူးယောက်၊ ဇွန် ၈

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အာဆီယံက အနီးကပ် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ဗီယက်နမ်ရဲ့ ကုလ အမြဲတမ်း ကိုယ်စားလှယ် ဒန်ဟွန် ဂီအန်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဂျုလီ ဘစ်ရှော့ပ်ရဲ့ နယူးယောက် ခရီးစဉ်အတွင်း မစ္စတာ ဒန်က သူ့ကို တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

အထူးကိုယ်စားလှယ် ဘစ်ရှော့ပ်ရဲ့ သံတမန်ရေး အတွေ့အကြုံ ကြွယ်ဝမှုနဲ့ ဒေသတွင်း နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ထားမှုကြောင့် သူ့ရဲ့ ရာထူးတာဝန်တွေကို ရာနှုန်းပြည့် ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း မစ္စတာ ဒန်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တာရှည်ခံတဲ့ အဖြေတွေရရှိရေး ကြိုးပမ်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အရေးကြီးတဲ့ အခြေခံအချက်တစ်ခု အဖြစ် ဆက်ရှိနေကြောင်း မစ္စတာ ဒန်က ပြောကြားပါတယ်။

အခုအချိန်မှာ ထိပ်တန်း ဦးစားပေးကိစ္စ အနေနဲ့ လုပ်ဆောင်ရမှာက ယုံကြည်မှု တည်ဆောက်ရေး၊ အပစ်အခတ် ရပ်စဲဖို့ အားပေး ဆောင်ရွက်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွေကို ကူညီပေးရေးဖြစ်တယ်လို့ မစ္စတာ ဒန်က ပြောပါတယ်။

အထူးကိုယ်စားလှယ် ဘစ်ရှော့ပ်အနေနဲ့ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အနီးကပ် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ဒန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ အချုပ်အခြာအာဏာ၊နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုတို့အတွက် လေးစားသမှုရှိတဲ့ မူဝါဒတွေနဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဆိုတဲ့မူအတိုင်း လုပ်ကိုင် ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဒန်က ပြောပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တတ်နိုင်သမျှ အကောင်းဆုံးကြိုးပမ်းသွားမှာဖြစ်ကြောင်း အထူးကိုယ်စားလှယ် ဘစ်ရှော့ပ်က ကတိပြုပါတယ်။

ဒီလုပ်ငန်းစဉ်မှာ ဦးဆောင်ပါဝင်နေတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို ကုလသမဂ္ဂက ထောက်ခံကြောင်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref: VNS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.