ကွာလာလမ်ပူ၊ ဇွန် ၇

အာဆီယံအနေနဲ့ ဒေသဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်လို့ အာဝဇွန်း ရွှင်ရွှင်ပြောနေရုံ မဟုတ်ဘဲ ခိုင်မာတဲ့ လက်တွေ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်နေပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ပြောကြားခဲ့ပါတယ်။

သူက အာဆီယံရဲ့ ဒေသဆိုင်ရာ အစည်းအဝေးတွေ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ အာဆီယံအပေါင်း အစည်းအဝေးတွေကို ဥပမာပေးပြီး ပြောဆိုဝေဖန်ထားပါတယ်။

ကွာလာလမ်ပူမြို့မှာ ဇွန် ၆ ရက်မှ ကျင်းပခဲ့တဲ့ ၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ်အစည်းအဝေးမှာ ဝန်ကြီးချုပ် အန်ဝါက အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးမြှင့်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာ့ပြဿနာကို တိုက်ဖျက်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

မသေမချာ မရေရာမှုတွေ များလာနေတဲ့ အခြေအနေမှာ မိမိတို့ အာဆီယံအဖွဲ့ရဲ့ အင်အားကို နှစ်ဆတိုးအောင်ကြိုးပမ်းရမယ်လို့ ဝန်ကြီးချုပ်အန်ဝါက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့ပြဿနာနဲ့ ရင်ဆိုင်ရာမှာ စည်းလုံးမှုရှိဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ သေဆုံးသွားတဲ့ လူ အရေအတွက်နဲ့ မြန်မာ့ပြဿနာက ဒေသတွင်းအပေါ် ရိုက်ခတ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ် အန်ဝါက ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီအပေါ် အာဆီယံက ပိုပြီး တင်းတင်းကြပ်ကြပ် တွန်းအားပေးဖို့လည်း သူက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
မြန်မာအရေးနဲ့ ပတ်သက်လို့ အာဆီယံက သတင်းစကားပါးရာမှာ စည်းလုံးညီညွတ်မှုရှိတဲ့ အသံနဲ့ ပြောဆိုသင့်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုလို့ရှိရင် အဖွဲ့ဝင်တစ်နိုင်ငံက အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်နေပြီလို့ အခြားနိုင်ငံတွေက ထင်စရာ ဖြစ်လာနိုင်ကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာ့ပြဿနာဟာ အရမ်းရှုပ်ထွေးမှုရှိတာကြောင့် ဖြေရှင်းဖို့ နှစ်များစွာကြာ အချိန်ယူရလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြဿနာ ပြေလည်စေရေး ရှေ့ဆက်ဆောင်ရွက်မှသာ အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း အားထုတ်နိုင်မှာ ဖြစ်ကြောင်းလည်း အန်ဝါက ပြောကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်တွေအပြင် မြန်မာနိုင်ငံအပေါ် သြဇာညောင်းတဲ့အိမ်နီးချင်းနိုင်ငံတွေက ငြိမ်းချမ်းရေးအတွက် တွန်းအားပေးပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ဆောင်ခွင့်ရရှိဖို့ တွန်းအားပေးသင့်ကြောင်း ဝန်ကြီးချုပ်အန်ဝါက ပြောကြားခဲ့ပါတယ်။

မြန်မာ့ပြဿနာဟာ အာဆီယံက အသေအချာ မြန်မြန်ဆန်ဆန် မဖြေရှင်းဘူးလို့ ဝေဖန်ခံနေရတဲ့ ပြဿနာတွေထဲကတစ်ခု ဖြစ်နေပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.