ဖာပွန်၊ ဇွန် ၆

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်စခန်း ၅ ခု အပြီးအပိုင် ရုတ်သိမ်းစွန့်ခွာသွားတယ်လို့ KNU တပ်မဟာ ၅ ဌာနချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ခမရ ၄၃၄ လက်အောက်ခံ ကျောက်ညှက်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီကျိုးစခန်း၊ ခလရ ၁၉ လက်အောက်ခံ လယ်တိုးစခန်းနဲ့ ခမရ ၃၄၁ လက်အောက်ခံ နတ်တောင်-မောဖိုးကျိုး အခြေချစခန်းတို့ဟာ အပြီးအပိုင် ပြန်လည်ရုတ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ပြန်လည်ရုတ်သိမ်းသွားခဲ့တဲ့ တပ်စခန်း ၅ ခုက တပ်အင်အားတွေဟာ လက်ရှိမှာတော့ ခေါပုတ်စခန်းထံ ပြန်လည်ပူးပေါင်းအင်အား ဖြည့်တင်းနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။

ရုတ်သိမ်းသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖာပွန်ကို စစ်ကူပြန်လိုက်ဖို့လား ဒါမှမဟုတ် ခေါ ပုတ်မှာပဲ ခံစစ်နေရာအသစ်တစ်ခု ပြန်တည်ဆောက်ဖို့လားဆိုတာ သေချာမသိရသေးပေမယ့် အ ခြေအနေကို စောင့်ကြည့်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ဖာပွန်ခရိုင်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အခြေချတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ဘက်ပေါင်းစုံကနေ နေ့စဉ်ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဟာ မခံနိုင်တော့ဘဲ စခန်းအသီးသီးကနေ ဆုတ်ခွာရုတ်သိမ်းခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖာပွန်မြို့အနီးမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ တပ်ရင်းဌာနချုပ်တို့နဲ့ ဗျူ ဟာကုန်းတို့ကို KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က ဗျူဟာတပ်ရင်းဌာနချုပ်တို့ မကျရေးအတွက် လေကြောင်းပစ်ကူအားကိုးပြီး အပြင်းအထန်ခုခံနေတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

လက်ရှိမှာတော့ KNU ဖာပွန်ခရိုင်ထဲ ကျန်ရှိနေတဲ့ ခမရ ၃၄၀ ခမရ ၃၄၁ တပ်ရင်းဌာနချုပ်နဲ့ ဖာပွန်အခြေချ စစ်ဗျူဟာကုန်းတို့ကို KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က ဆက်လက်ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ မေလ တစ်လတာအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၁၀၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၆၀ ကျော် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေ ယာဉ်ဗုံးကြဲမှုကြောင့် အရပ်သား ၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.