မော်လမြိုင် ၊ မေ ၃၁

မြန်မာငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီးနောက် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ဆက်တိုက်ထိုးတက်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေလဒုတိယအပတ်က တစ်ဘတ်ကို ကျပ် ၁၀၀ ဝန်ကျင်းမှာရှိခဲ့တဲ့ ထိုင်းဘတ်ငွေဈေးနှုန်းဟာ မေ ၃၀ ရက်နေ့မှာ တစ်ဘတ်ကို ၁၃၅ ကျပ် အထိ သမိုင်းတလျှောက် တစ်ခါမှမဖြစ်ဖူးတဲ့ စံချိန်တင်ဈေး နှုန်း မြင့်တက်လာခဲ့တာပါ။

ထိုင်းဘတ်ငွေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ မြန်မာနိုင်ငံကနေ ထိုင်းဘက်ခြမ်းကို ပို့ကုန်တင်ပို့နိုင်ခြင်း မရှိတဲ့အတွက် စံချိန်တင်ဈေးနှုန်းမြင့်တက်လာတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာမှုနဲ့အတူ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုန်ပစ္စည်းအဝင်ပြီး ဈေးနှုန်းထိုးတက်လာတာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးကတော့ ထိုင်းဘတ်ငွေဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့အတွက် အ ရောင်းအဝယ် ရပ်နားထားပြီး အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။

“အခုကားလမ်းတွေကလည်း ပိတ်နေတဲ့အခါကျတော့ သာမန်ထက်စာရင် ပိုပိုပြီးတော့လေ ဒုက္ခ ရောက်ဖို့ ရှိတဲ့အခါကျတော့ ကိုယ်တို့က ဒီကာလတော့ စောင့်ကြည့်လိုက်အုံးမှာပေါ့။ ဘာမှအ ရောင်းအဝယ်မလုပ်ဘဲနဲ့ တစ်လလောက် စောင့်ကြည့်လိုက်အုံးမယ်။ အကုန်လုံးက ကုန်သည်တွေ တော်တော်များများပေါ့၊ မဖြစ်မနေ လူတွေကလွဲရင် ကျန်တဲ့သူတွေ တော်တော်များများတော့ စောင့်ကြည့်မယ့် အနေအထားရှိကြတယ်”လို့ ဆိုပါတယ်။

ထိုင်းဘတ်ငွေဈေးနှုန်း မြင့်တက်ပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ထိုင်းကုန်ပစ္စည်းတွေဟာ ဈေးကွက်အတွင်း အမျိုးအစားပေါ် မူတည်ကာ အနည်းဆုံး ကျပ် ၃,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သည်တွေ အဆိုအရ ထိုင်းဘတ်ငွေဈေးနှုန်း မတည်ငြိမ်မှုနဲ့အတူ လမ်းပန်းဆက်သွယ် ရေး အခက်အခဲတွေကြောင့် ဒေသတွင်းမှာ ထိုင်းကုန်ပစ္စည်းတချို့ ပြတ်လပ်တာနဲ့ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေး သုံးကုန်ပစ္စည်းတွေအပါအဝင် အထွေထွေကုန်ပစ္စည်းတွေကိုပါ အဓိကအားထားပြီး တင်သွင်းနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.