ဂျေရုစလင်၊ မေ ၂၁

ဂါဇာစစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က ဟားမာ့စ် ခေါင်းဆောင်တွေနဲ့အတူ သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒေါသတကြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ အစ္စရေးကို လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်သူတွေနဲ့ နှိုင်းယှဉ်လိုက်တာက စက်ဆုပ်စရာကောင်းတယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း သူ့လေသံ အတိုင်းပဲ အစ္စရေးနဲ့ ဟားမာ့စ်ကြားမှာ တူညီမှုမရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး ဂေါလန့်တို့ဟာ ဂါဇာကမ်းမြောင် ဒေသမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယုံကြည်လောက်တဲ့ အကြောင်းရင်းတွေ ရှိနေတယ်လို့ ICC ရှေ့နေချုပ် ကာရင်ခန်းက ပြောပါတယ်။

ICC က ဂါဇာရှိ ဟားမာ့စ်ခေါင်းဆောင် ယာယာရှင်ဝါကိုလည်း စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ ဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။


အစ္စရေးနဲ့ အဓိကမဟာမိတ် အမေရိကန်တို့ဟာ ၂၀၀၂ ခုနှစ်က တည်ထောင်ခဲ့တဲ့ ICC မှာ အဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။

ICC ရဲ့ လုပ်ရပ်ကို ဝါရှင်တန်က လုံးဝပယ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ပြောကြားပြီး ICC ရဲ့ လုပ်ရပ်ဟာ အထောက်အကူ မဖြစ်စေဘူးလို့ ဗြိတိန်ကလည်း ပြောကြားခဲ့ပါတယ်။

ICC က ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ဟားမာ့စ် ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုဟာ လက်ရှိ အစ္စရေးနဲ့ ဟားမာ့စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေကို ထိခိုက်စေလိမ့်မယ်လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

အစ္စရေးက ဂါဇာမှာ အရပ်သားတွေကို တိုက်ရိုက် တိုက်ခိုက်ပြီး အစာငတ်အောင် လုပ်ဆောင်ထားတာ အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ကာကွယ်ရေး ဝန်ကြီးတို့ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ်က လျှောက်ထားတာ ဖြစ်ပါတယ်။

အစ္စရေးရဲ့သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ နေတန်ညာဟုက ICC ရဲ့ လုပ်ရပ်ဟာ မဖွယ်မရာ မှားယွင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ပြင်သစ်နဲ့ ဂျာမနီကတော့ တရားရုံးရဲ့ လုပ်ရပ်ကို ထောက်ခံ ပြောဆိုထားပေမယ့် အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့ကို တန်းတူလို သတ်မှတ်တာကိုတော့ ပယ်ချထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.