မော်လမြိုင် ၊ မေ ၂၂

နိုင်ငံတဝန်းက စက်မှုဇုန်တွေ တစ်ရက်လျှင် လျှပ်စစ်မီး နှစ်နာရီသာ ရရှိနေတဲ့အတွက် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုနဲ့အတူ ကုန်ထုတ်လုပ်မှု စံချိန်တင်ထိုးကျလာနိုင်လာတယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက မေ ၂၀ ရက်နေ့စကပြီး နိုင်ငံတဝန်းရှိ စက်မှုဇုန်တွေကို နေ့စဉ် မနက် ၅ နာရီကနေ ၇ နာရီထိ တစ်ရက်လျှင် နှစ်နာရီသာ လျှပ်စစ်မီးဖြန့်ဝေပေးတော့မယ်လို့ အသိပေးအကြောင်းကြားလာတာပါ။

အာဏာသိမ်းကာလအတွင်း စက်မှုဇုန်တွေကို အရင်ကတစ်ရက်လျှင် ၄ နာရီ လျှပ်စစ်မီး ဖြန့်ဝေပေးခဲ့ပေမယ့် လက်ရှိမှာတော့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် လျှပ်စစ်မီးပေးချိန် ထပ်မံလျှော့ချရတာလို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီးပေးချိန် လျှော့ချမှုကြောင့် ထုတ်လုပ်မှုကုန်ကျ စရိတ် ပိုမိုမြင့်တက်လာပြီး ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရဦးမယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“နည်းနည်းတော့ ပိုကျပ်လာမှာပေါ့လေ။ မီးပေးတဲ့အချိန် နည်းရင်တော့ အင်ဂျင်နဲ့ပဲအဓိကလည်ပြီး သွားနေတာပဲလေ။ ဒီထက်ပိုမောင်းလိုက်ရုံပဲရှိတာပေါ့။ ကုန်ကျစရိတ်တွေက တက်လာတာပဲပေါ့။ တက်လာလို့ ရှိရင်လည်း စားသုံးသူမှာ ထပ်တက်ပေါ့။ နောက်ဆုံးကျတော့ စားသုံးသူမှာပဲ သွားထိတာပေါ့လေ။ ကုန်ဈေးနှုန်းတွေက မြင့်တက်လာမှာပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ စက်မှုဇုန်တွေကို လျှပ်စစ်မီးပေးချိန် လျှော့ချမှုဟာ ပြည်သူတွေကို လျှပ် စစ်မီးပိုပေးဖို့ ရည်ရွယ်တယ်လို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ နိုင်ငံတဝန်းမှာ တစ်ရက်လျှင် အချိန် ၂ နာရီကနေ ၄ နာရီလောက်သာ လျှပ်စစ်မီးရရှိနေသေးတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင် တစ်ဦးကလည်း စက်မှုဇုန်တွေကို လျှပ်စစ်မီးပေးချိန် လျှော့ချလိုက်ပါက အ သေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အခြေအနေပိုမိုဆိုးလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အသေးစားအလတ်စားလုပ်ငန်းတွေက တော်တော်အခြေအနေ ဆိုးသွားမှာပေါ့။ ပြည်တွင်းထုတ် လုပ်မှု အခက်အခဲဖြစ်မယ်။ နောက်ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ တက်မှာပေါ့။ အခုကအစိုးရကလည်း ဘာမှကိုပွင့်ပွင့်လင်းလင်း သိပ်ထုတ်ပြန်တာမရှိဘူး။ သူတို့အမျိုးသားစီမံကိန်းဥပဒေဆိုပြီးတော့ ထုတ်တယ်။ အဲဒီမှာတော့ သူတို့က စီးပွားရေး ၃ ဒသမ ၅ ရာခိုင်နှုန်းလောက် တက်ရမယ်ဆိုပြီး ပြောထားတာပေါ့။ ဘာတွေကနေ ဘယ်လိုတက်မလဲ၊ ဘယ်လိုတက်အောင်လုပ်မလဲတော့ မတွေ့မိဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီလျှပ်စစ်ဌာနရဲ့ မေ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား လို အပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိပေမယ့် လက်တွေ့ မှာတော့ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်တာကြောင့် နိုင်ငံတစ်ဝန်းလုံးရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်တယ်လို့ ဝန်ခံထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတာ၊ ကုန်ကြမ်းပစ္စည်းအပါအဝင် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုတွေနဲ့အတူ တိုင်းပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် ကျဆင်းနေဦးမယ်လို့ ထောက်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ မြန်မာစီးပွားရေးဟာ ၂၀၂၄ ခုနှစ်မှာ တိုးတက်မှုနှုန်း အားတက်စရာ မရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်ထိ မရေရာ မသေချာသေးဘူးလို့ သုံးသပ်ထားပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် ADB ကလည်း အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GDP အပါအဝင် စီးပွားရေးတိုးတက်မှုနှုန်း အနိမ့်ဆုံးဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.