ထားဝယ်၊ မေ ၂၂

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ် ဝင် ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက် နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဗထူးတပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ တို့က အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဘုရားမဲစစ်ဆေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ကားနဲ့အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ထက်မြက်က သံလွင်တိုင်မ်းကို ပြောပါတယ်။

အဲဒီနေ့ ည ၁၂ နာရီအချိန်ခန့်မှာလည်း ဘုရားမဲ စစ်ဆေးရေးဂိတ်မှာ အလောင်းလာယူတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းနဲ့လည်း မိနစ် ၂၀ နီးပါးအကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဘုရားမဲစစ်ဆေးရေးဂိတ်နဲ့ ဇဟာအမြောက်တပ်ကနေ လက်နက်ကြီးအဆက်မ ပြတ် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ မြို့ဝင် စစ် ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဗထူးတပ်မတော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.