ရေး ၊ မေ ၂၂

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီကတော့ ကုလားဂုတ်ကျွန်းမှာ စက်လှေတွေကို ဖြတ်သန်းသွားလာခွင့် ဆက်လက်ကန့်သတ်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မေလဆန်းတုန်းက ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကိုင်တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက် ကုလားဂုတ်ကျွန်းပေါ်ရှိ စက်လှေတွေအားလုံးကို စစ်ကောင်စီတပ်က ပင်လယ်ထဲ ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ပြီး စစ်ဆေးတင်းကျပ်တာတွေလည်း လုပ် ဆောင်နေတာ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ ကျွန်းပေါ်က လှေအဝင်အထွက်တွေကို စစ်ဆေးသလို ငါးဖမ်းလှေမီးရောင်တွေကိုလည်း တစ်ရောင်တည်း သတ်မှတ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မှတ်ပုံတင်တွေ စစ်တယ်။ လှေအဝင်အထွက်တွေ လိုင်းလှေပေါ့။ နယ်မြေခံလှေတွေကျတော့ ငါးဖမ်းပင်လယ် ထွက်ရင်တော့ (စက်လှေ) မီးတစ်ရောင်တည်းလုပ်ဖို့ ပြောတာ ကြားတယ်။ သူတို့လည်း (စကစတပ်) အဲဒီမှာ ရှိနေတာ‌ပေါ့။ သူတို့နဲ့ (စကစတပ်) သိတဲ့လူတွေကျ ပေးသွားတယ်။ ဒါပေမယ့် လှေမီးကျတော့ တစ်ရောင်တည်း သူတို့ သတ်မှတ်ထားတဲ့အရောင်‌ပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်းတွင်းပိုင်းရှိ ကျေးရွာတွေကနေ ကုလားဂုတ်ကျွန်းသွားတဲ့သူတွေအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက မှတ်ပုံတင်နဲ့ တိုက်ဆိုင်စစ်ဆေးနေသလို စက်လှေတွေအားလုံး ညနေ ၆ နာရီကနေ မနက် ၆ နာရီ အတွင်း ဖြတ်သန်းခွင့် ကန့်သတ်ထားပါသေးတယ်။

တစ်ဘက်မှာ ရေလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ပိုင်ရှင်တွေကို စစ်ကောင်စီတပ်က မှတ်ပုံတင်နဲ့တကွ ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့သလို လုံခြုံရေးအကြောင်းပြချက်နဲ့ ပင်လယ်အတွင်း စစ်သင်္ဘောနှစ်စင်းနဲ့ လှည့်ပတ်လှုပ်ရှားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကုလားဂုတ်ကျွန်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတာအပြင် စစ်သ င်္ဘောတွေကနေ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရပြီး လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့တာပါ။

အဲဒီတိုက်ပွဲအပြီး ဒီကနေ့အထိ ရေးမြို့နယ်ဘက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာတွေမှာ ဝင်ရောက်တိုက်ခိုက်တာတွေ စစ်ဆင်ရေးဖော်ဆောင်တာတွေ ရပ်တန့်နေခဲ့ပါတယ်။

ရေးနဲ့တနင်္သာရီဒေသမှာ လှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက အခြေအနေ အကြောင်းကြောင်းကြောင့် ရေးဘက်မှာ တိုက်ပွဲဖော်ဆောင်မှုမရှိပေမယ့် ပြင်ဆင်မှုတွေ အများကြီးလုပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခြေအနေအကြောင်းကြောင်းကြောင့် ရေးဘက်မှာ တိုက်ပွဲဖော်ဆောင်မှုတွေ စစ်ဆင်ရေးလုပ်တာတွေ မရှိပေမယ့် ကျွန်တော်တို့ မဟာမိတ်တပ်တွေ ထားဝယ်-တနင်္သာရီဘက်မှာ လှုပ်ရှားနေပါတယ်။ ပြင်ဆင်မှုတွေ အများကြီး လုပ်နေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီးရှိတဲ့အပေါ်မှာ လောလောဆယ် စစ်ဆင်ရေးတွေ ရေးဘက်မှာ မဖော်ဆောင်နိုင်ဘူးပေါ့”လို့ ဆိုပါတယ်။

ဒါပေမယ့် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကိုတော့ လက်နက်ကိုင်တော်လှန်ရေးမဟာ မိတ်တပ်ဖွဲ့တွေဘက်က ဆက်လက်ထိန်းချုပ်ထားဆဲလို့ နိုင်နဂါးက ဆိုပါတယ်။

ရေးမြို့နယ်ဟာ အာဏာသိမ်းမှုအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အခြေချလှုပ်ရှားတဲ့ ဒေသဖြစ်သလို စစ်ကောင်စီတပ်စခန်းတွေ အုပ်ချုပ်ရေးရုံးတွေ သတင်းပေးဒလန်တွေကို ရှင်းလင်းတိုက်ခိုက်တာတွေ အားကောင်းတဲ့ဒေသဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်ကောင်စီက ရေးမြို့နယ်ကို မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ် ချုပ်ရေးအမိန့်အဖြစ် သတ်မှတ်ကြေညာထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.