ဖာပွန်၊ မေ ၂၁

ကရင်ပြည်နယ် ဖာပွန်မြို့အနီး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ KNLA တပ်မဟာ ၅ ထံကနေ သိရပါတယ်။

ဖာပွန်မြို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခလရ ၁၉၊ ခမရ ၄၃၄ ၊ စစန ၆၄၂ တပ်ရင်းတို့ကို KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ရာ ကျန်ရှိနေတဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခမရ ၃၄၁၊ ခမရ ၃၄၀ တပ်ရင်းတို့ကို ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခမရ ၃၄၁၊ ခမရ ၃၄၀ တပ်ရင်းထဲက နေရာအချို့တစ်ဝက်ကို ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေရာယူထားနိုင်ပြီး နေရာအားလုံးတော့ မရသေးဘူးလို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကတော့ ဖာပွန်ဗျူဟာနဲ့ ဘေးမှာရှိတဲ့ ခမရ ၃၄၀ ခမရ ၃၄၁ တပ်စခန်းအတွင်းမှာသာ စစ်ကောင်စီတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေပြီး စစ်ကူတပ်လည်း ရောက်လာတာမရှိဘူးလို့ ဆိုပါတယ်။

ဖာပွန်မြို့ကို KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ မတ်လအတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ကျန်ရှိနေတဲ့ ဗျူဟာနဲ့တပ်ရင်းတွေကို ဆက်လက်ဖြတ်တောက်ပိတ်ဆို့နေတဲ့အတွက် စစ်ကောင်စီတပ်က ဗျူဟာနဲ့ တပ်ရင်းစခန်းတွေ မကျရေးအတွက် လေကြောင်းပစ်ကူနဲ့ အပြင်း အထန် ခုခံတိုက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတဲ့ကြားကနေပဲ ဖာပွန်မြို့နဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ ၁၉ အပါအဝင် တပ်ရင်း ၃ ရင်းကို တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိထားပြီး ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်း ၂ ရင်းသာ ကျန်ရှိနေတော့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းရက်က ဖာပွန်မြို့ပေါ်မှာ ရဟန်းသံဃာအပါအဝင် စစ်ရှောင်ပြည်သူ ၈ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိသွား ခဲ့သလို ဒေသခံပြည်သူအများအပြား ဒီနေ့အချိန်အထိ ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

တဖက်မှာတော့ KNU တပ်မဟာ ၅ နယ်မြေအတွင်း အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းတွေကို လည်း ပူးပေါင်းတပ်ဖွဲ့တို့က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် အခုနှစ်အတွင်း စ ခန်း ၁၀ ခု စွန့်ခွာထွက် ပြေးသွားခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU/NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.