တနင်္သာရီ၊ မေ ၂၀

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက် မနက် ၁၁ နာရီအချိန်ခန့်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လယ်တောင်ယာကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုကြောင့် အချိန် ၁၀ မိနစ်နီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သလို တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာတော့ ဧပြီလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား ရက်ရှည် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် တနင်္သာရီမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေတွေအရ ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ စစ်ရေးသတိရှိစွာ နေထိုင်သွားလာကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စောင့်ကြိုတိုက်ခိုက်ခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.