ရေး ၊ မေ ၂၁
စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD အ နေနဲ့ သုံးလတာပြည့်မြောက်ချိန်မှာ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းအသီးသီးနဲ့ အွန်လိုင်းကနေ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံရှင်းလင်းပွဲဟာ မွန်ပြည်သစ်ပါတီ AD ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဖို့နဲ့ အဖွဲ့အစည်းအသီးသီးဆီက အသံနဲ့အကြုံပြုချက်တွေရယူနိုင်ဖို့ ရည်ရွယ်ပြီး မေ ၁၉ ရက်နေ့မှာ သုံးနာရီကြာတဲ့ တွေ့ဆုံရှင်းလင်းပွဲ လုပ်ခဲ့တာလို့ ပါတီဘက်က ထုတ်ပြန်ပါတယ်။
တွေ့ဆုံရှင်းလင်းပွဲမှာ မွန်သံဃာတော်တွေအပါအဝင် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်း ၃၀ နဲ့ ဖိတ် ကြားသင့်သူတွေ စုစုပေါင်း ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီ AD ဘက်က ခေါင်းဆောင်တွေက နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုအခြေအနေတွေကို ရှင်းလင်းခဲ့တာပါ။
မွန်ပြည်သစ်ပါတီ AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က မွန်နိုင်ငံရေးလုပ်ငန်းစဉ်တွေ ပိုမိုအား ကောင်းလာဖို့ တက်ရောက်လာတဲ့အဖွဲ့အစည်းတွေက အချက် ၁၇ ချက် အကြုံပြုခဲ့တယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။
“တက်ရောက်လာတဲ့အထဲမှာ ကျွန်တော်တို့ ကို အကြုံပြုချက်တွေ ၁၇ ချက်လောက် အကြုံပြုခဲ့တယ်။ အဓိက က ကျွန်တော်တို့ရဲ့ မွန်နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ဒီထက်ပိုပြီး အားကောင်းလာဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ နောက်သူတို့ ပါဝင်ပူးပေါင်းနိုင်တဲ့အနေအထား၊ ထောက်ပံ့နိုင်တဲ့အနေအထား။ အဲဒီလိုမျိုး စစ်ရေး၊ နိုင်ငံရေးထောင့်စုံကနေ အကြံပြုကြပါတယ်”လို့ ဆိုပါတယ်။
ဒါပေမယ့် မွန်ပြည်သစ်ပါတီ AD ကို အကြုံပြုခဲ့တဲ့ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းတွေရဲ့ အကြုံပြုချက်အားလုံးကို နိုင်ဗညားမွန်က အသေးစိတ် ထုတ်ပြောတာတော့ မရှိခဲ့ပါဘူး။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ကတော့ မွန်ပြည်သစ်ပါတီ AD ရဲ့ တွေ့ဆုံရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး အကြုံပြုချက်တွေ မရှိခဲ့ပေမယ့် ဂျိုင်းမြစ်ဝှမ်းဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး မေး မြန်းခဲ့တယ်လို့ အဖွဲ့တာဝန်ခံ မင်းသံလွင်က အခုလိုပြောပါတယ်။
“အဲဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး NMSP-AD ခေါင်းဆောင်တစ်ဦးကတော့ ဂျိုင်းမြစ်ဝှမ်းဒေသကို စိုးမိုးထိန်းချုပ်နေတဲ့ ကာလမှာ မြဝတီစစ်မျက်နှာပြင်ကလည်း တိုက်ပွဲတွေ မပြီးဆုံးသေးတော့ စစ်ကောင်စီအတွက် ဂျိုင်းမြစ်ဝှမ်းဒေသ စစ်ကြောင်းထိုးခွင့် ပြန်ရတာပေါ့။ ပြီးတော့ စစ်ကောင်စီဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ပြုလုပ်လာတယ်။ကျေးရွာထဲ လက်နက်ကြီးပစ် ခတ်တာတွေ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ တောက်လျှောက်လုပ်လာတဲ့နောက်မှာ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေကို နောက်တစ်လှမ်းဆုတ်လိုက်တဲ့ အနေအထား ပြန်လည်လက်လွှတ်လိုက်ရတာလို့ ပြောပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ခဲ့တဲ့ မွန်နဲ့ကရင် နယ်စပ် ကော့ဘိန်းရဲစခန်းသိမ်း တိုက်ပွဲမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီး ဂျိုင်းမြစ်ဒေသအ တွင်း တစ်လနီးပါး အခြေချနိုင်ခဲ့တဲ့ အနေအထားရှိခဲ့တာပါ။
တစ်ဘက်မှာ မွန်ပြည်သစ်ပါတီ ADရဲ့ လှုပ်ရှားဒေသတွေမှာ စစ်ကောင်စီကို သတင်းပေးနေသူတွေနဲ့ စစ်မှု ထမ်းဖို့ ပြည်သူတွေကို ဖိအားပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ့်အကြောင်း ရှင်းလင်းပွဲမှာ AD ဘက်က ပြောဆိုသွားတယ်လို့ မင်းသံလွင်က ပြောပြပါတယ်။
မွန်ပြည်သစ်ပါတီ AD ဟာ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ကာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကြေညာခဲ့တာပါ။
အဲဒီနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊နိုင်ငံရေးနဲ့ သံတမန်ရေးတွေမှာ မ ဟာမိတ်အဖြစ် ပူးပေါင်းဖို့ သဘောတူညီမှုရရှိခဲ့ပြီး မုဒုံ၊ သံဖြူဇရပ်၊ကျိုက်မရောနဲ့ ဘုရားသုံးဆူဒေသမှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်သစ်ပါတီ AD တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့မှာ ပူးတွဲကြေညာခဲ့တာပါ။
နိုင်ဗညားမွန်ကတော့ မွန်ပြည်သစ်ပါတီ AD အနေနဲ့ တော်လှန်ရေးမှာ စိန်ခေါ်မှုတွေ အများကြီးရှိပေမယ့် လူထုထောက်ခံမှုအားနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ပြောပါတယ်။
“တော်လှန်ရေးမှာ စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ Resources Limited (အရင်းအမြစ်ကန့် သတ်ချက်)တွေ Resources မပြည့်စုံတဲ့ ပြဿနာတွေ အခြားအခက်အခဲအများကြီး ရှိပါတယ်။သို့သော် ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့မှာရှိတဲ့ လူထုရဲ့ ထောက်ခံမှုအားနဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့ နိုင်ငံရေးဦးတည်ချက် ရှိနေတာပါ။
တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ပြည်နယ်တွေ (ဖက်ဒရယ်ယူနစ်တွေ)နဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း မွန်ပြည်တည်ထောင်မယ်လို့ ဧပြီလဆန်းမှာ မွန်ပြည်သစ်ပါတီ AD က ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP