မော်လမြိုင် ၊ မေ ၂၁
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြ ဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့အတွက် အခုနှစ်မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ တောင်သူလယ်သမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုးစပါးစိုက်ပျိုးဧက ၇ သိန်းနီပါးရှိတဲ့ မွန်ပြည်နယ်မှာ မိုးစပါးကို နှစ်စဉ် မေလအလယ်က ဇူလိုင်လဆန်းပိုင်းအထိ စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက ကျွမ်းကျင်လုပ်သားတွေ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာသွားတာတဲ့အတွက် လုပ်သားရှားပါးမှု ပြဿနာနဲ့ အကြီးအ ကျယ် ကြုံတွေ့နေရတာပါ။
တောင်သူလယ်သမားတစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြောင့် လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ်တွေ ပြည်ပကိုထွက်ခွာသွားတာကြောင့် အလုပ်သမား ရှားပါးမှု ပြသနာကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
“အခက်အခဲကတော့ ဘယ်လိုရှိလဲဆိုတော့ စစ်မှုမထမ်းဥပဒေ ထွက်လာတဲ့အတွက် ကျွန်တော်တို့ လယ်ယာလုပ်ငန်းခွင်မှာသုံးမယ့် လုပ်သားစွမ်းအားတွေ အရင်းအမြစ်တွေပေါ့ မရှိသလောက် ဖြစ်သွားပြီ။ လယ်ဆိုတဲ့ဥစ္စာက တစ်ဦးတစ်ယောက်လုပ်သလို၊ ခြံစိုက်သလို၊ ဥယျာဉ်ခြံလုပ်သလို တစ်ဦးတစ်ယောက်နဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ လယ်ဆိုတာက အစုအဖွဲ့နဲ့ လုပ်တာလေ။ အများနဲ့လုပ်တာဆိုတော့ အခုလယ်ယာလုပ်ငန်းခွင်မှာ လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေက ပြည်ပထွက်ကုန်တာကို။ အဲဒီတော့ကျွန်တော်တို့မှာ ဒီလယ်ယာလုပ်ငန်းခွင်မှာသုံးဖို့ အလုပ်သမားရှားပါးလာတာက အ ကြီးအကျယ်ကို ဒုက္ခပေးလာတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်က မိုးစပါးစိုက်ပျိုးချိန်တွေမှာ ဒေသတွင်းက လုပ်သားတွေအပြင် တခြားဒေသတွေက လုပ်သားတွေပါ လာရောက်အလုပ်လုပ်ကိုင်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ရွှေ့ပြောင်းလုပ်သား လာရောက်မှု မရှိသလောက် နည်းပါးနေတယ်လို့ သူကဆက်ပြောပါတယ်။
တောင်သူလယ်သမားတစ်ဦးကလည်း လုပ်သားရှားပါးမှုကြောင့် ဒေသတွင်းမှာ လုပ်အားခဈေးနှုန်း အဆမတန်မြင့်တက်လာပြီး လိုသလောက် လုပ်သားခေါ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလယ်သမားတွေ အားလုံးနီးပါးလောက်က လုပ်သားရှားပါးမှုပြဿနာ တော်တော်ကြုံနေရ တယ်။ လုပ်သားရှားပါးတယ်ဆိုတာ ဒီပင်တိုင်လုပ်မယ့် အလုပ်သမားလည်း ခေါ်လို့မရသလို နေ့စားပေါ့။ နေ့စားအလုပ်သမားလည်း ခေါ်ရတာ တော်တော်အခက်အခဲရှိတယ်။ တစ်ခါတလေ ရပြန်တော့လည်း ဈေးတွေက မတန်တဆတောင်းတာပေါ့နော်။ ဟိုတုန်းကဆို ကျပ် ၁၀၀၀၀ လောက်ပဲ။ အခုက ကျပ် ၁၈၀၀၀၊၂၀၀၀၀ လောက်ထိ တက်တောင်းနေတာ။ အဲဒါတောင် ကိုယ်လိုသလို မရဘူး။ ကိုယ်လိုချင်တဲ့ အချိန်မှာမရဘူး၊ လုပ်သားရှားပါးတာတော့ အမှန်ပဲ”လို့ ဆိုပါတယ်။
လုပ်သားရှားပါးလာတဲ့အတွက် တောင်သူအများစု ကြဲခင်းကိုသာ စိုက်ပျိုးဖို့ ပြင်ဆင်လာကျသလို တချို့ တောင်သူတွေအနေနဲ့ မိုးစပါး စိုက်ပျိုးဧကလျော့ချဖို့ လုပ်ဆောင်လာကြတယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာတော့ တောင်သူလယ်သမားတွေဟာ ဒီနှစ်ရာသီမှာ လုပ်သားရှားပါးတဲ့ ပြဿနာအပြင် မိုးစပါးစိုက်ပျိုးဖို့အတွက် သွင်းအားစုဈေးနှုန်း ထပ်မံမြင့်တက်လာတာ၊ မျိုးစပါးရှားပါးတဲ့ ပြဿနာတွေကိုပါ ထပ်မံရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ ပြည်ပထွက်ခွာမှု များလာတာကြောင့် ဒေသတွင်းက စိုက်ပျိုးရေးလုပ်ငန်းတွေအပြင် ဆောက်လုပ်ရေး၊ စက်ရုံအလုပ်ရုံ၊ SME လုပ်ငန်းနဲ့ မွေးမြူရေးလုပ် ငန်းတွေကအစ လုပ်သားရှားပါးမှုပြဿနာကို အကြီးအကျယ်ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ