ကျိုက်ထို၊ မေလ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ မုပ္ပလင်နဲ့သိမ်ဇရပ်မြို့အနီးတွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက မေ ၂၀ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့မှာ အင်္ဂဘိုရွာအရှေ့ဘက်က PDF စခန်းတွေဘက်ရှိရာကို အင်အား ၅၀ ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ဟာ PDF ကင်းစခန်းတစ်ခုကိုရောက်ရှိလာတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

“သူတို့က ကျွန်တော်တို့စခန်းဘက်ရောက်လာတော့ အဆုတ်ပြပြီး ပူးပေါင်းအဖွဲ့တွေနဲ့ပြန်တိုက်တာ။ စကစဘက်က အထိနာပြီးပြန်ဆုတ်သွားတယ်။ မနေ့ကထိ တိုက်ပွဲဆက်ဖြစ်နေတယ်။ “လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကင်းစခန်းကို စစ်ကောင်စီအဖွဲ့တွေရောက်ရှိလာချိန် ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်ပြန်ဆုတ်ချိန်မှာ လိုက်လံပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၄ ဦးထိခိုက်သေဆုံးပြီး စခန်းအတွင်းက စစ်သုံးပစ္စည်းအချို့ကို စစ်ကောင်စီဘက်က ရသွားတယ်လို့သိရပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ မုပ္ပလင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။

မေ ၁၉ ရက်နေ့မှာလည်း အင်္ဂဘိုကျေးရွာအရှေ့ဘက်ခြမ်းကို စစ်ကြောင်းပြန်ထိုးလာတဲ့စစ်ကောင်စီအဖွဲ့နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ရေးအခြေနေရှုပ်ထွေးနေတာကြောင့် နှစ်ဖက်ထိခိုက်အခြေအနေကိုမသိရသေးပါဘူး။

မေ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ တပ်ရင်းအရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေတောင်းနေတဲ့ ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၄၀ ခန့်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး လူနာတင်ယာဉ်တွေနဲ့အလောင်းတွေကိုလာကောက်သွားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို KNLA နဲ့ဝေါ(ပကဖ)၊ အင်းတကော်(ပကဖ)၊သနပ်ပင်(ပကဖ)၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁၊ တပ်ဖွဲ့ – ၂၊ ရန်ကုန်တိုင်း ဒရုန်းတပ်ဖွဲ့နှင့် ERO ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

မေ ၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီးရှိ မုပ္ပလင်စစ်တပ်စစ်ဆေးရေးဂိတ်မှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.