သရက်ချောင်း၊ မေလ ၁၇

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ မေ ၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးဟာ ဂုံညှင်းဆိပ်၊ ကနက်သီရိ၊ ကတွဲနဲ့ဆီတောကျေးရွာတို့ကို လေယာဉ်နဲ့ ဗုံး ၁၀ လုံးနီးပါး ကြဲချသွားခဲ့တာပါ။

“သားအမိနှစ်ယောက်က သူတိုရွာထဲက ကျေးလက်ဆေးပေးခန်းအနားက ရေတွင်းမှာ ရေခပ်နေချိန် ဗုံးသီးကျလာတာ။ ဗုံးမှန်တာက ဆေးခန်းကိုပါ။ ဒါပေမယ့်လည်း ဆေးခန်းအနား သူတို့ရှိနေတော့ ထိသွားတာ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် အသက် ၄၆ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်မာမာဝင်းနဲ့ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်အောင်မြတ်နိုးတို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းနဲ့ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

အဲဒီနောက် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တဲ့ သားဖြစ်သူ မောင်အောင်မြတ်နိုး ဆေးကုသမှု ခံယူနေစဉ် ဒီနေ့ မေ ၁၇ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၈ ရက်နေ့က ပဲဒက်တပ်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ အင်အား ၁၀၀ ကျော်နဲ့ ကနက်သီရိကျေးရွာပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးထားပြီး ဝေဟင်ကနေ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကနက်သီရီကျေးရွာက ကလေး ၅ ဦး သေဆုံးထားပြီး အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲမှုတိုက်ခိုက်မှုကြောင့် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ဂုံညှင်းဆိပ်ကျေးရွာတွေ အပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံ ပြည်သူလူထု ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံနေသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ
ပုံစာ – သရက်ချောင်းမြို့နယ် ရငဲကျေးရွာ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.