မကွေး၊ မေ ၁၆
မကွေးတိုင်းမှာ အပူချိန်မြင့်မားတာကြောင့် ယောချောင်းတစ်လျှောက်က ငါးတွေ သဘာဝအလျောက် သေဆုံးမှု များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ မေ ၁၆ ရက်နေ့မှာ ယောချောင်းတစ်လျှောက် မျောလာတဲ့ ငါးတွေကို ဒေသခံတွေက ကောက်ယူနေကြတယ်လို့လည်း သိရပါတယ်။
“အပူချိန်မြင့်မားလို့သေတဲ့ငါးတွေပါ။အများကြီးပဲ သူများတွေဆို ပိဿာနဲ့ချီရကြတယ်။ ယောချောင်းနဲ့ ဆောချောင်းဆိုတာက ချင်းပြည်ဘက်ကလာတာ။ ဧရာဝတီမြစ်ထဲကိုစီးဆင်းတာပါ” လို့ ဒေသခံ ကိုနိုင်က ပြောပါတယ်။
အပူချိန်ပြင်းထန်မှုကြောင့် သေဆုံးသွားတဲ့ ငါးတွေဟာ အရွယ်အစားမျိုးစုံပါဝင်ပြီး အဲဒီလိုသေဆုံးမှုကြောင့် ငါးမျိုးတုန်းမှာကိုတော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
ယောချောင်းတစ်လျှောက် ငါးတွေ အခုလိုမျိုးသေဆုံးတာဟာ လွန်ခဲ့တဲ့နှစ်လေးဆယ်ဝန်းကျင်က တစ်ခါဖြစ်ဖူးပြီး အခုအကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
Radio Free Asia RFA သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံမှာ အပူဒဏ်ကြောင့် လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ မန္တလေးတိုင်းက အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ