မော်လမြိုင်၊ မေ ၁၆

လာမယ့်ပညာသင်နှစ်အတွက် တော်လှန်ရေးအင်အားစုတွေရဲ့ လွတ်မြောက်နယ်မြေတွေမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူခွင့်အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပညာရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း ကချင်၊ ချင်း၊ ရှမ်းမြောက်၊ ရခိုင်၊ ကရင်နီ၊ ကရင်နဲ့ စစ် ကိုင်းတိုင်းတို့မှာ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မြို့ ပေါင်း ၅၀ ကျော်ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရတာပါ။

အဲဒီထဲက ချင်းက မြို့နယ်အများစုကို ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF ကတော့ အခုနှစ်အတွင်း ထိန်းချုပ်နယ်မြေထဲက ကျောင်းတွေကို အတတ်နိုင်ဆုံး ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ချင်းပြည်အစိုးရလည်း ပေါ်လာပြီဆိုတော့ အဲဒီအောက်ကနေ ပညာရေးဝန်ကြီးဌာနက အဲဒါတွေ (ပညာရေး) ဆက်လက်အကောင်အထည်ဖော်ဖို့ အခုက ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အခုက ပညာရေးပေါ်လစီတွေဘာတွေ ရေးဆွဲပြီးတော့ ဒီနှစ်ထဲမှာ အားလုံးမဟုတ်ရင်တောင်မှ ကျောင်းတွေကို အတတ်နိုင်ဆုံးဖွင့်နိုင်ဖို့ ကျွန်တော်တို့မှာ ဆန္ဒရှိပါတယ်။ အဲဒါတွေကို အခုလွတ်လွတ်လပ်လပ် ဆောင်ရွက်နေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုအပိုင်းကိုတော့ ဘယ်လိုပုံစံနဲ့ ပြင်ဆင်ပြီး ဘယ်အခြေအနေရောက်နေပြီဆိုတာကိုတော့ CNF ပြောခွင့်ရ ဆလိုင်းထက်နီက အ သေးစိတ်ထုတ်ပြောတာ မရှိခဲ့ပါဘူး။

ရခိုင်နဲ့ ချင်းက မြို့နယ် ၁၀ ခုကျော်ကို ထိန်းချုပ်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော် AA ကတော့ လာမယ့် ကျောင်းဖွင့်ရာသီမှာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းရှိ ကျောင်းသားတွေရဲ့ အခြေခံပညာရေးနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

သံလွင်တိုင်းမ်အနေနဲ့ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်း ကျောင်းသားတွေရဲ့ ပညာသင်ယူခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုတွေ အစီအစဉ်ရှိလဲဆိုတာ သိရှိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ပညာရေးဌာန၊ ဒုတိယဌာနမှူး ဦးဘယ်ညာမီးနိုကတော့ ဖက်ဒရယ်ပညာရေးစနစ်ကို ဖော်ဆောင်နေတဲ့အတွက် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းနေနိုင်ဖို့ ဒေသခံတွေကို အသိပေးထားပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ကရင်နီပညာရေးဟာ ဖက်ဒရယ်ပညာရေးဖြစ်တဲ့အတွက် ဆောင်ပုဒ်တစ်ခုတော့ ရှိတယ်။ ပညာရေးဟာ လူ့အခွင့်အရေးဖြစ်တယ်။ ကျောင်းနေအရွယ်ရောက်တဲ့ ကလေးတိုင်းဟာ ကျောင်းနေခွင့်ရှိရမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျောင်းနေနိုင်ဖို့ ကျွန်တော်တို့ အကြောင်းကြားစာတွေ အသိပေးစာတွေ အကုန်လုံး (ဒေသခံပြည်သူတွေကို) အသိပေးထားပြီးသားဖြစ်တယ်”လို့ ဆိုပါတယ်။

လာမယ့်ပညာသင်နှစ်အတွက် ကျောင်းဖွင့်ရက်ကို ဇွန် ၃ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ကျောင်းသားတွေ အဆင်ပြေပြေနဲ့ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ဖို့ ပျက်စီးယိုးယွင်းနေတဲ့ ကျောင်း ဆောင်တွေကို ပြန်လည်ပြု ပြင်နိုင်ဖို့ လိုအပ်တဲ့ တာလပတ်အမိုးအကာတွေ ပံ့ပိုးပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပညာရေးစနစ်မှာ အရည်အသွေးရှိတဲ့ ဆရာ၊ဆရာမတွေဖြစ်ဖို့ လက်ရှိမှာ အ ခြေခံပညာမူလတန်းနဲ့ အလယ်တန်းအတွက် မွမ်းမံသင်တန်းတွေ ဖွင့်လှစ်ထားတယ်လို့ ICE ပညာ ရေးဌာနကနေ သိရပါတယ်။

တအာာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ရှိ တအာင်းဒေသမှာလည်း လာမယ့်ပညာသင်နှစ်အတွက် အခြေခံပညာရေးကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်သွားမယ်လို့ တအာင်းပြည်ပညာရေးကောင်စီ TLEC က မတ် ၉ ရက်နေ့မှာ ကြေညာထားပါတယ်။

တစ်ဘက်မှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ အညာဒေသမှာတော့ NUGပညာရေးဝန်ကြီးဌာနရဲ့ ပြည်သူ့အခြေပြု အခြေခံပညာကျောင်းတွေ မြို့နယ်၊ကျေးရွာ အုပ်စုအလိုက် လည်ပတ်နေတာပါ။

ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီဒေသက ကျောင်းသူကျောင်း သားတွေ ကလေးသူငယ်တွေဟာ အမိုးအကာအောက်မှာ ဘေးကင်းလုံခြုံစွာနဲ့ အပြည့်အဝ ပညာ သင်ကြားနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအခြေစိုက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောင့်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ကျောင်းသားတွေအတွက် လေကြောင်းအန္တရာယ်ကနေ ကင်းဝေးမယ့် နည်းလမ်းမျိုး စီစဉ်နေတယ်လို့ ပြောပါတယ်။

“ပညာရေးအတွက်ကို ပုံစံတစ်မျိုးနဲ့ ကျွန်တော်တို့ စီစဉ်နေပါတယ်ဗျ။ လေကြောင်းအန္တရာယ်ကနေ ကင်းဝေးမယ့် နည်းလမ်းမျိုးကို ရှာနေတာပေါ့လေ။ အဲဒီနည်းနဲ့ သင်ကြားဖို့တစ်ခုခုကို အစီအစဉ်ဆွဲနေတော့ ကျွန်တော်တို့ ဖော်ပြလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆို ဒီအစီအစဉ်ကိုက ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြောကြားလို့ မရသေးဘူး။ ဒါပေမယ့် ကျောင်းသားတွေအတွက် ပညာရေးကို ရတဲ့ဘက်ကနေပြီးတော့ အဆင်ပြေအောင်လုပ်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပြီးပါပြီဗျ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ မန်ကျည်းအုပ်ကျေးရွာစာသင် ကျောင်းနဲ့ မကွေးတိုင်းဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ရပြီး ၄၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ မြေပြင်ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်ဆိုင်းထားတယ်လို့ မေ ၁၂ ရက်နေ့မှာ အသိပေးကြေညာခဲ့ပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာတော့ အွန်လိုင်းပညာရေးအပါအဝင် မြေပြင်ကျောင်းတွေဆက်ပြီး အကောင်အထည်မဖော်နိုင်တော့တဲ့ အနေအထားဖြစ်နေတယ်လို့ ကျောင်း ဆရာတစ်ဦးက ပြောပါတယ်။

“စစ်ဖြစ်နေတဲ့ နေရာတွေနဲ့ ပတ်သက်ရင်တော့ အဓိကလိုင်းအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲ စသဖြင့် ဒီအတွက် အွန်လိုင်းဆိုတဲ့ပညာရေးဘက်ကို ဆက်ပြီးမပါလာနိုင်တဲ့အနေအထားတွေ ဖြစ် လာသလို မြေပြင်ဆိုလည်း မြေပြင်ကျောင်းကို ဖွင့်လှစ်ဖို့ကြိုးစားနေတဲ့ ရွာတွေကလည်း လေ ကြောင်းရန်တွေကြောင့် ဆက်ပြီး အကောင်အထည်မဖော်နိုင်တော့တဲ့ အနေအထားတွေ တွေ့ရတာပေါ့ဗျာ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး တနင်္သာရီတိုင်းက တနင်္သာရီ၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ထားဝယ်၊ သ ရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။

ဒါကြောင့် အဲဒီဒေသက ပြည်သူ့အခြေပြု အခြေခံပညာကျောင်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြတဲ့ ကျေးရွာတွေနဲ့ အကောင်အထည်ဖော်ပြီးသား ကျေးရွာတွေဟာ ကျောင်းသားတွေရဲ့ ပညာသင်ယူခွင့်ကို ရပ်တန့်ထားရတဲ့အနေအထား ဖြစ်လာပါတယ်။

ကချင်နဲ့ ကရင်မှာတော့ မြို့နယ်တချို့မှာ တိုက်ပွဲပြင်းထန်နေပေမယ့် ပညာရေးနဲ့ပတ်သက်ပြီး ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း KIO နဲ့ KNU တို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အခြေခံပ ညာရေးကနေ အသက်မွေးဝမ်းကျောင်းနဲ့ ကောလိပ်အဆင့်အထိ ဖွင့်လှစ်သင်ကြားပေးနေတာပါ။

အလားတူ မွန်မှာလည်း မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတွေနဲ့ စစ်အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ ကျေးရွာတွေမှာ အခြေခံပညာအဆင့် မွန်အမျိုးသားကျောင်းတွေ ဖွင့်လှစ်ထားပြီး ပညာရေးဗဟိုဌာနမှာလည်း မွန်အမျိုးသားကောလိပ်ကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းမတက်ချင်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်ဖို့ ရွေးချယ်လာကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာသိမ်းမှုအလွန် ၃ နှစ်အတွင်း ကလေးအနည်းဆုံး ရှစ်သန်းကနေ ၁၀ သန်းထက်မနည်းပညာသင်ယူခွင့် ဆုံးရှုံးနေရတာလို့ ၂၀၂၃ ခုနှစ် ဇွန် ပထမအပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.