ဘီးလင်း၊ မေ ၁၆

ရန်ကုန်-မော်လမြိုင်ပြည်ထောင်စုကားလမ်းပေါ်က မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားမှာ မေ ၁၅ ရက်နေ့ကစပြီး အိမ်စီးကားတွေ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ဒေသခံတွေနဲ့ခရီးသွားတွေထံကနေ သိရပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာရှိ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့မှာ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားအပြင် အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဘေလီတံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာပါ။

ပြိုကျပျက်စီးသွားတဲ့ တံတားနှစ်စင်းထဲက ကွန်ကရစ်တံတားကိုတော့ ယာယီအနေနဲ့ ဖြတ်သန်းလို့ရအောင် သဲတွေကျောက်တွေဖို့ပြင်ဆင်ပြီးနောက် အိမ်စီးကားအမြင့်တွေကိုသာ စတင်ဖြတ်သန်းခွင့်ပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

ဘီးလင်းဒေသခံတစ်ဦးကတော့ တံတားကို ပြင်ဆင်တာမဟုတ်ဘဲ မြေညှိပြီး တံတားအကျိုးအပေါ်ကနေ အိမ်စီးကားအမြင့်တွေကိုသာ ပေးဖြတ်နေတာဖြစ်သလို ဘီးလင်းဘက်ကနေ သထုံဘက်သွားတဲ့ ကားတွေကိုပဲပေးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ကုန်တင်ကားတွေနဲ့ ခရီးသည်ယာဉ်မှန်လုံယာဉ်တွေကိုတော့ ရွှေရောင်ပြနဲ့မိုးကောင်းကျေးရွာရဲ့ ကျေးရွာချင်းဆက်လမ်းတွေကနေ ဖြတ်သန်းခွင့်ပြုနေပြီး လမ်းပိတ်ဆို့မှု ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ ကျုံအိတ်တံတားကို ယာယီဘေလီတံတား အမြန်ဆုံးတည်ဆောက်သွားဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မေ ၁၂ ရက်နေ့မှာ ညွှန်ကြားထားပါတယ်။

မေ ၁၃ ရက်နေ့မှာ ယာယီဘေလီတံတား လာရောက်တည်ဆောက်တဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် တံတားတည်ဆောက်မှု ရပ်နားထားရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ကျုံအိတ်တံတားဟာ မော်လမြိုင်-ရန်ကုန် ပြည်ထောင်စုကားလမ်းပေါ်မှာရှိပြီး မြန်မာပြည်တောင်ပိုင်းဒေသဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ရဲ့ ကုန်သွယ်ရေးအတွက် အဓိကအချက်အချာကျတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Nat Tar/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.