နေပြည်တော်၊ မေ ၁၅

စစ်ကောင်စီက သူ့ရဲ့ တပ်တွေကို တရုတ်နိုင်ငံထုတ် အဆင့်မြင့် ဒရုန်းတွေနဲ့ အင်အားဖြည့်တင်းပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်နေတာကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာကြောင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။

RFA Burmese သတင်းဌာနရဲ့ မကြာသေးခင်က စုံစမ်းစစ်ဆေးမှုတွေအရ စစ်ကောင်စီတပ်တွေဟာ ပစ်မှတ်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တဲ့ အထူးကင်မရာတွေ တပ်ဆင်ထားတဲ့ တရုတ်နိုင်ငံထုတ် အဆင့်မြင့် ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေကြောင်း သိရှိခဲ့ရပါတယ်။

မြင်းခြံဒေသ စစ်ကောင်စီ ဆန့်ကျင်ရေး ဒရုန်းအဖွဲ့ရဲ့ အရာရှိ တစ်ယောက်ကတော့ CH-2 နဲ့ CH-4 လို့ ခေါ်တဲ့ အသွားခြောက်သွားပါ hexacopter ဒရုန်း အသစ်တွေဟာ ဒေါင်လိုက် ပျံတက်၊ပြန်ဆင်းနိုင်တယ်လို့ ပြောပါတယ်။

သူတို့ ပစ္စည်းတွေရဲ့ အရည်အသွေးက တိုးတက်လာပါတယ် ထိခိုက် ပျက်စီးမှု ဖြစ်နိုင်ခြေကလည်း ပိုများလာပါတယ်လို့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် အမည်မဖော်လိုတဲ့ အဲဒီအရာရှိက RFA ကို ပြောကြားခဲ့ပါတယ်။

စစ်တပ်က အခုအချိန်မှာ အဆင့်မြင့်နည်းပညာ အသုံးပြုနေပါပြီလို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ တော်လှန်ရေး အဖွဲ့တွေကလည်း ဒရုန်းတွေ အသုံးပြုနေပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေနဲ့တန်းတူ ဖြစ်စေဖို့ တော်လှန်ရေး အင်အားစုတွေက တန်ဖိုးနည်း ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေကြပါတယ်။

စစ်တပ်မှာတော့ သူတို့ရဲ့ တိုက်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ ပြတ်လပ်နေမှုနဲ့ ပုံမှန်စစ်ဆေး ပြုပြင်မှုတွေ မလုပ်နိုင်ဖြစ်နေတဲ့ အပြင် လေယာဉ်တွေ ပစ်ချခံနေရတာကြောင့် လေကြောင်း တိုက်ခိုက်ရေးအတွက် ဒရုန်းတွေကို ပိုမိုအသုံးပြုလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မေ ၄ ရက်က သူ့ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့က နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေကြောင်း စစ်ကောင်စီ လိုလားတဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Ref: RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.