ဆော၊ မေ ၁၄

မကွေးတိုင်း ဆောမြို့နယ် တောမကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ဗုံး ကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ မေ ၁၄ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးဟာ တိုက်ပွဲမရှိဘဲ တောမကျေးရွာထဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးပြီး အရပ်သားပြည်သူ ၉ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဘာမှကိုမရှိဘဲနဲ့ ပစ်သွားတာ သေဆုံးပြည်သူတွေထဲမှာ ရှစ်လသားလေးလည်းပါတယ်။ ငါးနှစ်အရွယ်တစ်ယောက်လည်း ပါတယ်။ တော်တော်သနားဖို့ကောင်းပါတယ်” လို့ ဆောဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တောမကျေးရွာက နေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့ပြီး ၁၀ လုံးထက်မနည်း မိုင်းစထိမှန်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆောမြို့နယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၀ နီးပါး ထိခိုက်သေဆုံးထားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ မေ ၉ ရက်နေ့က ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ ၂၀ ဦး သေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.