ဘီးလင်း၊ မေ ၁၄

မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတား လာရောက်ပြင်ဆင်လာတဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ပြင်ဆင်မှု ရပ်နားပြီး ပြန်လာခဲ့ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာ မော်လမြိုင်- ရန်ကုန်ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားကို မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။

အဲဒီနောက် ပြိုကျပျက်စီးသွားတဲ့တံတားအား မေ ၁၃ ရက်နေ့က ယာယီဘေလီတံတားထိုးဖို့ လမ်း လွှဲပြုလုပ်နေစဉ် ပြင်ဆင်ရေးလုပ်ငန်းခွင်ထဲ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် တံတားလာပြင်တဲ့အဖွဲ့ ပြန်ဆုတ်ခဲ့ရပြီး စစ်တပ်ဘက်က လုံခြုံရေး မပေးနိုင်ရင် တံတားပြင်ဆင်မှု ကြန့်ကြာနိုင်တယ်လို့ စစ်ကောင်စီလမ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို မေ ၁၂ ရက်နေ့မှာ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့ လာရောက်စစ်ဆေးခဲ့ပြီး ယာယီဘေလီတံတားအမြန်ဆုံးတည်ဆောက်ဖို့ ညွှန်ကြားခဲ့တာပါ။

ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးဖို့ စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနဲ့ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက လုပ်ငန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကျုံအိတ်တံတား ပြိုကျပျက်စီးသွားတဲ့အတွက် ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေဟာ မိုး ကောင်းနဲ့ရွှေရောင်ပြကျေးရွာချင်းဆက် လမ်းပိုင်းကနေ သွားလာတာတွေ ရှိနေပေမယ့် လမ်းကျဥ်းတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တို့မှာ ခရီးသွားပြည်သူတွေ သွားလာနေတဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ကား ၁ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

ပုံစာ – မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို မေ ၁၂ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့အဖွဲ့ လာရောက်စစ်ဆေးစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.