မော်လမြိုင် ၊ မေ ၅
မွန်ပြည်နယ်မှာ စစ်ကောင်စီ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ် ၅၀ နီးပါးကို စစ်သင် တန်းပေးရာ သံဖြူဇရပ်တပ်နယ်သို့ ထပ်မံပို့ဆောင်လိုက်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။
မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနီးရှိ အမှတ် (၆) ပညာရေးကျောင်း (တပ်မတော်ကြည်း)မှာ စစ်သားစုဆောင်းထားတဲ့ အဲဒီလူငယ်တွေကို မေ ၃ ရက်နေ့က သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော် တန်းမြင့်သင်တန်းကျောင်းကို ထပ်မံပို့ဆောင်ခဲ့တာပါ။
စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ မွန်ပြည်နယ်မှာ ဒုတိယအကြိမ် ဖွင့်လှစ်မယ့် စစ်မှု ထမ်းသင်တန်းအတွက် သတ်မှတ်ထားတဲ့ လူဦးရေအတိုင်း စုဆောင်းလို့မရတာကြောင့် ရသလောက်ကို အရင်ပို့ထားတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
သံဖြူဇရပ်တပ်နယ်ထံ ပို့ဆောင်လိုက်တဲ့ လူငယ်တွေကို စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က သွားရောက်နှုတ်ဆက်ခဲ့ပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အတွက် လူငယ်လူရွယ်တွေကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် စာရင်းတောင်းယူပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မဖမ်းဆီးကာ စစ်သားစုဆောင်းတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းအပတ်စဉ် ၁ မှာ စစ်ကောင်စီက နိုင်ငံတဝန်းမှ လူငယ် ၄၃၀၀ ကျော်ကို စစ်သားစုဆောင်ပြီး သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာတော့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိကျေးရွာ အခြေစိုက် တကက-၄ တပ်မ တော်တန်းမြင့် သင်တန်းကျောင်းမှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ သင်တန်းသားအယောက် ၂၀၀ ကျော် ရှိတယ်လို့လည်း BACS ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram