ကျိုက်ထို၊ မေ ၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က မေ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မုပ္ပလင်ဂိတ်ကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၄ ချပြီးတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး အရာရှိနဲ့ ရဲမေအပါအဝင် အခြား အဆင့် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ရဲ့ ပြောပြချက်အပေါ် ကိုကားပြီး KRF က ထုတ်ပြန်ထားပါတယ်။
မုပ္ပလင်ဂိတ်တိုက်ခိုက်မှုမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစ်စုံတစ် ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ မုပ္ပလင်ဂိတ် တိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဉ်တွေ စစ်ဆေးရေးဂိတ်အတွင်း ဝင်ရောက်သွားတာတွေ ရှိပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်မသိရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်တဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူဆီကနေ ငွေကြေးတောင်းခံတာ၊ မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တွေ ဘက်က ၃ ကြိမ်တိုင်တိုင် ဒရုန်းနဲ့ဗုံးချတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KRF