မော်လမြိုင်၊ မေ ၄

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ လိင်စိတ်ခံယူမှု ကွဲပြားပြီး အကျဉ်းသားတွေဖြစ်တဲ့ LGBTQ+ တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို လတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTQ+ တွေ များစွာရှိနေပြီး အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို နိုင်ငံရေးအကျဉ်းသားနည်းတူခံကြရသလို အခြားနှစ်ကြီးအကျဉ်းသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် ၉၆ နှစ် အမိန့်ချခံထားရတဲ့ အသက် ၂၄ နှစ်အရွယ် LGBTQ+ နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ရဲရင့်ကို (ခေါ်) ရဲရဲအား အင်းစိန်ထောင်မှ ပြောင်းရွှေ့ခဲ့ပြီး သာယာဝတီထောင်ရဲ့ (က)ကြီးတိုက်မှာ သီးခြားထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အဲဒီနောက် အခုနှစ် ဖေဖော်ဝါရီပထမအပတ်ထဲမှာ သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ တစ်တိုက်ထဲနေ ပြူးကြီးဆိုတဲ့ အကျဉ်းသားမှ ရဲရင့်ကို(ခေါ်)ရဲရဲအား မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့ပြီး မုဒိန်းကျင့်မှုကို ငြင်းဆန်တဲ့အတွက် ကျောက်စရစ်ခဲနဲ့ ရဲရဲအားဦးခေါင်းကို ရိုက်နှက်ခဲ့ပါတယ်။ ဒါကြောင့် အကျဉ်း ထောင်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက လက်ရှိမှာ နိုင်ငံရေးသားအကျဉ်းသားတွေဟာ အာရုံစိုက်ခံရမှု နည်းပါတဲ့အပြင် အဲ့ဒီထဲမှ အကျဉ်သားတွေဖြစ်တဲ့ LGBTQ+ တွေအပေါ် လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်မှု သက်သာကင်းလွတ်နိုင်အောင် ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်းကြီးဌာနက နိုင်ငံရေးအကျဉ်းသားတွေကို အုပ် ချုပ်ဖို့အတွက် အခြားရာဇဝတ်အကျဉ်းသားတွေကို ခန့်အပ်လိုက်တဲ့အခါ အရွယ်ငယ်ပြီးမှ နုနုနယ်နယ်ရှိတယ်လို့ ထင်ရတဲ့ အကျဉ်းသားတွေနဲ့ LGBTQ+ တွေကို ဦးတည်ချက်ထားပြီး လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်မှုနဲ့ အဓမ္မပြုကျင့်ဖို့ ကြိုးစားလာကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ အကျဉ်းထောင်အာဏာပိုင်တွေမှ ပြစ်မှုကျူးလွန်တဲ့ အခြားအကျဉ်းသားတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ မရှိတာကြောင့် ထောင်အာဏာပိုင်တွေနဲ့ ကျူးလွန်တဲ့သူတွေကို အားပေးအားမြှောက်ရာ ရောက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေဟာ ရှေ့တန်းစစ်မြေပြင်သဖွယ်ဖြစ်နေပြီး နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မျိုးစုံကို ခါးစည်း ရင်ဆိုင်နေရတဲ့အ ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း မြစ်ကြီးနား အကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပတ်သက်ပြီး ထောင်တွင်းဆန္ဒပြပွဲမှာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခြင်းခံထားရသူ စုစုပေါင်း ၂၆၆၂၀ ဦးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက် တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Spring Diary

ပုံစာ- မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ LGBTQ သပိတ်စစ်ကြောင်း။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.