ဝမ်ဟိုင်း ၊ မေ ၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေနဲ့ လက်ရှိဖြစ် ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်သွားမယ့် အဆင့်မျိုး ဆုံးဖြတ်ထားတာမရှိသေးဘူးလို့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဆုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP Info ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းနဲ့ အဖြေရှာရလိမ့်မယ်လို့ SSPP/SSA ဒုဥက္ကဌက ပြောဆိုကြောင်း မြန်မာဘာသာနဲ့ ဖော်ပြခဲ့ပါတယ်။
စစ်မှန်တဲ့ ပြည်ထောင်စု ဒီမိုကရေစီရရှိဖို့ နိုင်ငံရေး စားပွဲဝိုင်းမှာ အဖြေရှာတဲ့ နည်းလမ်း မရှိတော့တာကြောင့် တိုက်ပွဲဖြစ်ရတော့မယ်လို့ SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ရှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားမှာ ထုတ်ပြောခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီတွေ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ခဲ့တယ်လို့ SSPP Info က ဖော်ပြထားပါတယ်။
ဒုဥက္ကဋ္ဌ ပြောဆိုချက်အပေါ် ဗိုလ်မှူးကြီး စိုင်းဆုက SSA နှစ် ၆၀ ပြည့်အခမ်းအနားမှာ ရှမ်းဘာသာ စကားနဲ့ သမိုင်းကြောင်းတွေကို ရှင်းလင်းပြောဆိုသွားတာဖြစ်ပြီး စစ်ရေးတွေပြင်ဆင်ကာ တိုက် ခိုက်မယ့်အဆင့်မျိုး မရှိသေးဘူးလို့ ပြောပါတယ်။
“တော်လှန်မှာတို့၊ တိုက်ပွဲဝင်မှာတို့က အဲဒီလိုမျိုး ကျွန်တော်တို့ နိုင်ငံရေးဥသျှောင်အဖွဲ့တွေက ဆုံး ဖြတ်ထားတာ မရှိပါဘူး။ ဒီမိန့်ခွန်းပြောတဲ့နေရာမှာ ရှမ်းပြည်တပ်မတော်ရဲ့ သမိုင်းကြောင်း နှစ် ၆၀ ပြည့်ကို ရှင်းလင်းဆွေးနွေးသွားတာ၊ မိန့်ခွန်းပြောသွားတာ ဖြစ်ပါတယ်။ တခြားဟာ စစ်ရေးစစ်ရာတွေပြင်ပြီးတော့ တိုက်မယ်ခိုက်မယ်ဆိုတဲ့ အဆင့်လိုမျိုး မရှိသေးဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီလိုမျိုးအဆင့်တော့ ဆုံးဖြတ်ထားတာ မရှိပါဘူး”လို့ ဆိုပါတယ်။
ရှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားကို ဧပြီ ၂၄ ရက်နေ့က SSPP/SSA ဗဟိုဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး ဒုဥက္ကဌက လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်ရေးပြုလုပ်ရတာ၊ ရှမ်းပြည်တပ်မ တော်ဖွဲ့စည်းမှုတွေကို ပြောသွားတာလို့ ဗိုလ်မှူးကြီး စိုင်းဆုက ဆက်ပြောပါတယ်။
SSPP/SSA ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာပြည်နယ်အဆင့်နဲ့ပြည် ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ်တွေလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်တွေအတွင်း ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီးမားတဲ့တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပါတယ်။
စစ်အာဏာသိမ်းကာလမှာတော့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလိုမျိုး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲခြင်းမပြုဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးပမ်းခဲ့တာပါ။
အဲဒီလို ကြိုးပမ်းရာမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကိုယ်စားလှယ်တချို့က သုံးကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SSPP