ကျိုက်မရော၊ မေ ၅

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောနဲ့ကော့ဒွန်းကျေးရွာတို့ကို မေ ၄ ရက်နေ့ မနက် ၈ နာရီအချိန့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းအသုံးပြု တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီးဟာ ကော့ပနောနဲ့ ကော့ဒွန်းကျေးရွာတို့မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားနေတယ်ဆိုတဲ့ သတင်းအရ စစ်သေနတ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒေသခံနေ အိမ် ၃ လုံးထက်မနည်း ထိမှန်ပျက်စီးတာတွေရှိခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး ပျားတောင်ဒေသအထိ စစ်မီးထပ်မံကူးစက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ထံ သံလွင်တိုင်းမ်က စာပို့မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အ ကြောင်းပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရဲစခန်း သိမ်း ပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ဂျိုင်းမြစ်ဒေသတလျှောက်ကို အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးပြီး ဝင်ရောက်တပ်စွဲနေထိုင်နေတာပါ။

ဂျိုင်းမြစ်ဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကျိုက်မရောမြို့နယ်၊ ဓမ္မ သတ်၊ တရနာနဲ့ သံကလောင်၊ ကျွန်းကုန်းကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မ နည်းက ဒေသခံနေအိမ် ၁၀၀၀ ကျော်ကို ဖောက်ထွင်းဝင်ရောက်ပြီး ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂျိုင်းမြစ်စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ တိုက်ခိုက်မှုတွေကြောင့် ဓမ္မသကျေးရွာက နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးထားတာ ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ အချက်အလက်တွေအရ ဂျိုင်းမြစ်ဒေသက အရပ်သားပြည်သူ တစ်သိန်းဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒေသခံတွေကို နေ ရပ်ပြန်ကြဖို့ စစ်ကောင်စီဘက်က ဖိအားပေးတာတွေရှိနေပြီး အများစုကတော့ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP -AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.