ရေး၊ မေ ၄
မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်းတိုက်ပွဲအတွင်း စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကုလားဂုတ်ကျွန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရေ တပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ မေ ၃ ရက်နေ့ မနက်အစောပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွက် လမိုင်းမြို့ကနေ အိမ်စီးကားသုံးစီးနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေကို ကော့ဒွတ်ကျေးရွာ ကူးတို့ဆိပ်မှာ ရပ်ထားပြီး ကုလားဂုတ်ကျွန်းကို စက်လှေတွေနဲ့ စစ်ကူသွားရောက်ခဲ့တာပါ။
ကော့ဒွတ်ကျေးရွာ ကူးတို့ဆိပ်မှာ ရပ်ထားတဲ့ စစ်ကောင်စီကားသုံးစီးကို မေ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ကုလားဂုတ်ကျွန်းကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေမီးရှို့ဖျက် ဆီးခံလိုက်ရတာကြောင့် ကော့ဒွတ်ကျေးရွာက ဟိုက်ဂျက်ကားတွေခေါ်ယူပြီး လမိုင်းမြို့ထံ ပြန်သွားခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ကားတွေဟာ မော့ကနင်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၀၆ တပ်ရင်းနဲ့ ခမရ ၅၈၈ တပ်ရင်းမှ ထုတ်နုတ်စစ်သားတွေ လိုက်ပါလာတဲ့ ကားတွေဖြစ်တယ်လို့ သိရပါတယ်။
ကုလားဂုတ်ကျွန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ နေအိမ်တွေအ ပါအဝင် ရော်ဘာခြံတွေလည်း မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ