FILE PHOTO: Liberia's president-elect Joseph Boakai gives a speech after he was sworn in as president during the inauguration ceremony in Monrovia, Liberia January 22, 2024. REUTERS/Carielle Doe/File Photo

မွန်ရိုးဗီးယား၊ မေ ၅

လူပေါင်း နှစ်သိန်းခွဲ သေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်နှစ်ခု အဆုံးသတ်ပြီးနောက် နှစ်ပေါင်း ၂၀ကျော်အကြာမှာ လိုက်ဘေးရီးယားရဲ့ ပထမဆုံး စစ်ရာဇဝတ်မှုတရားရုံး ဖွင့်လှစ်ရေး အထူးအမိန့်တစ်ရပ်ကို သမ္မတဂျိုးဆပ်ဘိုအာကိုင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

၁၉၈၃ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတွေနဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် ခေါ်ယူစုဆောင်းမှုတွေအပါအဝင် ရက်ရက် စက်စက် ပြုမူမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။

လိုက်ဘေးရီးယားမှာ ဝေဖန်သူတွေက အဲဒီတရားရုံး တည်ထောင်မှုကို ပြစ်တင်ဝေဖန်နေကြပြီး ဒဏ်ရာဟောင်းကို ပြန်ဆွသလိုဖြစ်မယ်လို့ ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ သမ္မတက တရားရုံးကြောင့် အကြမ်းဖက်မှုတွေရဲ့ ရိုက်ခတ်မှုနဲ့ ဖြစ်စေတဲ့အကြောင်းရင်းတွေကို နားလည်လာစေမှာဖြစ်ပြီး တရားမျှတမှုနဲ့ စိတ်သက်သာရာရစေမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါဟာ ပြည်တွင်းစစ်အတွင်း ထိခိုက်နစ်နာသူတွေနဲ့ အသက်ရှင်လွတ်မြောက်ခဲ့သူတွေကို ထောက်ခံကူညီကြောင်း ဖော်ပြမှုဖြစ်တယ်လို့ တရားရုံးတည်ထောင်မှုကို ထောက်ခံသူတွေက ပြောကြားပါတယ်။

လိုက်ဘေးရီးယားသမ္မတရဲ့ လုပ်ရပ်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း လက်ခံကြိုဆိုခဲ့ကြပါတယ်။

လိုက်ဘေးရီးယား သမ္မတရဲ့ လုပ်ရပ်ဟာ ရဲရင့်တဲ့သမိုင်းဝင်လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန်က ပြောကြားပြီး တရားရုံးကို ထောက်ပံ့ကူညီမယ်လို့ဆိုပါတယ်။

အမှန်တရား ဖော်ထုတ်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်ကို လိုက်ဘေးရီးယား အရင်သ မ္မတ အယ်လန်ဂျွန်ဆန်ဆာလိဖ်က ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပေမယ့် တရားရုံးတော့မဟုတ်ပါဘူး။

၂၀၀၉ ခုနှစ်မှာ ကော်မရှင်က စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်တဲ့ လူပုဂ္ဂိုလ်စာရင်းကို ဖော်ပြခဲ့ပေမယ့် အရေးယူဆောင်ရွက်မှု မရှိခဲ့ပါဘူး။

လိုက်ဘေးရီးယားမှာ စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တစ်ယောက်မှ ရုံးတင်မခံရပေမယ့် ကျူးလွန်သူအချို့ အခြားနိုင်ငံတွေမှာ အရေးယူခံခဲ့ရပါတယ်။

သမ္မတဟောင်း ချားလစ်တေလာဟာ စစ်ရာဇဝတ်မှုစွဲချက်နဲ့ ဗြိတိန်နိုင်ငံမှာ ထောင်ဒဏ် နှစ် ၅၀ကျ ခံနေရပေမယ့် အဲဒါကအိမ်နီးချင်း ဆီရီယာလီယွန်က ပဋိပက္ခမှာ သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကြောင့် ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.