ဘန်ကောက်၊ဧပြီ ၂၅
ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က ပထမဆုံးပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ အလုံးစုံအခြေအနေကို လေ့လာသုံးသပ် ပြီး ဒုက္ခသည်အရေး ကိုင်တွယ်ဖြေရှင်းရေးနဲ့ လုံခြုံရေးအရ တုံ့ပြန်မှုတွေအတွက် အစီအစဉ်တစ် ရပ်ကို မိတ်ဆက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ထိုင်းဒုတိယဝန်ကြီးချုပ် ပမ်ပရီ ဥက္ကဋ္ဌ အဖြစ်ဦးဆောင်နေတဲ့ ကော်မတီဟာ မဲဆောက်ကို သွားရောက်လေ့လာတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ပမ်ပရီဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန်နဲ့ ပြည်ထဲရေး ဝန်ကြီး အနူတင် ချန်ဗီရာကူလ်တို့လည်း ပါဝင်ခဲ့တာပါ။
မူလက ထိုင်းနိုင်ငံထဲဝင်ရောက်ခိုလှုံဖို့ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ရောက်ရှိခဲ့ပေမယ့် ဧပြီ ၂၃ ရက်နေ့မှာတော့ ယာယီဝင်ရောက်ခိုလှုံသူ ၉၈၃ ဦးသာရှိတော့တယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဧပြီ ၁၁ ရက်နေ့က ဝန်ကြီးချုပ် ဆရီထာ စတင်ဖွဲ့စည်းပေးပြီးနောက် ပထမဆုံးပြုလုပ်ခဲ့တဲ့ ကော်မတီ အစည်းအဝေးမှာ ထိုင်းနိုင်ငံကို ထိခိုက်စေနိုင်တဲ့ မြန်မာပဋိပက္ခအလားအလာ အားလုံးကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ ချမှတ်လိုက်တဲ့ အဓိကအစီအစဉ်တွေမှာ အစုလိုက်အပြုံလိုက်ဝင်ရောက်လာ မယ့် ဒုက္ခသည်အရေး ဖြေရှင်းရေးနဲ့ လုံခြုံရေးအရ တုံ့ပြန်မယ့် အစီအစဉ်တွေပါဝင်တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ရေး၊ ထိုင်းမြေကို အသုံးချပြီး မြန်မာစစ်ကောင်စီကို တိုက်ခိုက်မှုတွေ မပြုလုပ်ရေး၊လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးရာမှာ ခွဲခြားမှုမရှိစေရေးစတဲ့ အဓိကအချက် ၃ ချက်ကို အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း၊နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တာဝန်ယူထားပြီး အမျိုးသားလုံခြုံရေးကောင်စီက နယ်စပ် တလျှောက်အခြေအနေကို လေ့လာဖို့ တာဝန်ယူထားတယ်လို့ သူက ပြောပါသေးတယ်။
တိမ်းရှောင်လာသူတွေကို ကူညီပေးရေး ကြိုတင်ပြင်ဆင်ထားပေမယ့် မြန်မာနိုင်ငံက တိုက်ခိုက်သူတွေအနေနဲ့ ထိုင်းမြေမှာ တိုက်ပွဲဖန်တီးခွင့် လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောထားပါတယ်။
Ref:Bangkok post