မော်လမြိုင်၊ ဧပြီ ၂၃

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဒီကနေ့ ၂၃ ရက်နေ့အထိ ရက်ပေါင်း ၂၀ အထိ ရှိလာပြီဖြစ်ပါတယ်။

ဒုစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ပြုလုပ်တဲ့ ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်လောင်း သင်တန်းကျောင်းဆင်းပွဲ တက်ရောက်ခဲ့ပြီးနောက် ဒီကနေ့အထိ လူမြင်ကွင်းကနေ ပျောက်ခြင်းမလှ ပျောက် ကွယ်နေတာပါ။

မနေ့ ဧပြီ ၂၂ ရက်နေ့က နေပြည်တော်ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် အစည်းအဝေးမှာလည်း ဒုစစ်ခေါင်းဆောင် တက်ရောက်လာတာ မတွေ့ရပါဘူး။

ဒုစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒုစစ်ခေါင်းဆောင်ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေတယ်လို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါ။

ဒုစစ်ခေါင်းဆောင် လူမြင်ကွင်းကနေ ပျောက်ကွယ်မှုဟာ ဒဏ်ရာရတာကြောင့်သာ ဖြစ်နိုင်ပြီး တခြားအကြောင်း အရင်း မရှိနိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒုစစ်ခေါင်းဆောင်နဲ့အတူ စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောကလည်း လူမြင်ကွင်းက ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်အုပ်စုအတွင်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနဲ့ အပေါင်းအပါးတွေကို စစ်ခေါင်းဆောင်က ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.