သရက်ချောင်း၊ ဧပြီ ၂၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် သား ၃ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ကျည်တောင့် ၁၆၀ ကျော်၊ အီနာဂါဗုံးသီး ၃ လုံးနဲ့ ကျည်ဘောက်တစ်ခုပါဝင်လာတယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ သရက်ချောင်းအခြေစိုက် ခမရ ၄၀၅ နဲ့ ခမရ၄၀၃ တပ်ရင်းတွေက တပ်သားတွေဖြစ်တဲ့ ဇော်လွင်ဦး၊ ဇော်ထက်နဲ့ ထက်ကျော်တို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖက်ဒရယ်စစ်ကြောင်းထံ ပို့ဆောင်ပေးထားပြီး စားဝတ်နေရေး အဆင်ပြေအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ တောင်းဆိုထားတယ်လို့ ပုတီးတစ်လုံးပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ ရဲ ၂ ဦး ရှိတယ်လို့ သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တနင်္သာရီတိုင်းမှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၂၅၀ ထက်မ နည်း အလင်းဝင်ရောက်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့