ကျိုက်မရော၊ ဧပြီ ၂၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် သံကလောင်နဲ့ တရနာကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က သံကလောင်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ မနက် ၆ နာရီအချိန်ကနေ ညနေ ၄ နာရီအချိန်အထိ အချိန် ၁၁ နာရီကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးချတိုက် ခိုက်တာအပြင် လက်နက်ကြီးပစ်ခတ်မှု တရစပ်လုပ်ဆောင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးအား အဆောက်အဦးတစ်ခုထံ ပြောင်းရွှေ့ထားစဉ် ဒလန်သတင်းပေးမှုကြောင့် ဝိုင်းရံပိတ် ဆို့ဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ဒဏ်ရာရ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားပြီးနောက် လက်နက်ခဲယမ်းတွေကိုလည်း ယူဆောင်သွားတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးတာတွေ ရှိနေပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ ဧပြီ ၂၀ ရက်နေ့မှာတော့ ထပ်မံဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဒေသခံနေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူတချို့ ဘေးလွတ်ရာ နေရာတွေကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မတ် ၂၅ ရက်နေ့က ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်ကစပြီး ကျိုက်မရောမြို့နယ်ရဲ့ တရနာအပါအဝင် အနီးပတ်ဝန်းကျင်ကျေး ရွာထဲကို စစ်ကြောင်းထိုးပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံသောင်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP -AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.